
သန့်ဇင်(NP News)-နိုဝင်ဘာ ၁၉
မကြာမီတွင် မြန်မာနိုင်ငံက ဘင်းမ်စတက် အတွင်းရေးမှူးချုပ်တာဝန် လွှဲပြောင်းထမ်းဆောင်ရမည်ဖြစ်ပြီး အကောင်းဆုံးဖြစ်အောင် ကြိုးပမ်း ဆောင်ရွက်သွားမည့် အခြေအနေများအား နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ဘင်းမ်စတက်အတွင်းရေးမှူးချုပ် လာရောက်ဂါရဝပြုတွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ဘင်းမ်စတက် အတွင်းရေးမှူးချုပ် H.E. Mr. Indra Mani Pandey က ယနေ့(နိုဝင်ဘာ ၁၉ ရက်) မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်ဧည့်ခန်းမ၌ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံရာတွင် ဘင်းမ်းစတက်အဖွဲ့သည် အဖွဲ့ဝင်နိုင်ငံအချင်းချင်း နိုင်ငံရေးအရ ဝင်ရောက် စွက်ဖက်မှုမရှိဘဲ ပူးပေါင်းဆောင်ရွက်မှုများကောင်းမွန်သည့် အဖွဲ့ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်လျက်ရှိမှု အခြေနေများအား ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် မကြာမီကာလအတွင်း ဘင်းမ်စတက် အတွင်းရေးမှူးချုပ်တာဝန် လွှဲပြောင်းရယူ ထမ်းဆောင်ရမည်ဖြစ်ပြီး အကောင်းဆုံးဖြစ်အောင် ကြိုးပမ်း ဆောင်ရွက်သွားမည့် အခြေအနေများကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများအနက် ကုန်းတွင်းပိတ်နိုင်ငံများဖြစ်သော နီပေါနိုင်ငံနှင့် ဘူတန်နိုင်ငံတို့၏ ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝ ဘေးဒဏ်ကာကွယ်တားဆီးရေးနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် ဝိုင်းဝန်းကူညီ ဆောင်ရွက် သင့်သည့်အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
မကြာမီကျရောက်တော့မည် ဘင်းမ်စတက်အဖွဲ့ တည်ထောင်မှုနှစ် ၃၀ ပြည့်အခမ်းအနား ကျင်းပပြုလုပ်သွားမည့်အခြေအနေများ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံ အစိုးရများ အချင်းချင်း၊ ပြည်သူများအချင်းချင်း ဆက်ဆံရေးနှင့် ကူးလူးဆက်ဆံမှုများ ကောင်းမွန်အောင် မြှင့်တင် ဆောင်ရွက်သွားနိုင်မည့် အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။