



နေပြည်တော်၊ နိုဝင်ဘာ ၂၀
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ နီကာရာဂွါနိုင်ငံ သံအမတ်ကြီး H.E. Mr. Segundo Martin Calero Escorcia အား ယမန်နေ့က နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆွေတော်သံအမတ်ကြီးကို မိမိတို့ပြည်သူ့လွှတ်တော်က လှိုက်လှဲစွာကြိုဆိုပါကြောင်း၊ အဆွေတော်အနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် ပထမဆုံးခန့်အပ်ခြင်းခံရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ မိမိတို့နှစ်နိုင်ငံသည် တရားဝင်သံတမန်ဆက်ဆံရေးကို ၂၀၂၀ ပြည့်နှစ်ဩဂုတ် ၆ ရက်မှစ၍ ထူထောင်ခဲ့ကြပြီး နှစ်နိုင်ငံသံရုံးများ အပြန်အလှန်အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ကြပါကြောင်း ပြောကြားသည်။
ထို့နောက် နီကာရာဂွါသံအမတ်ကြီးက ပြောကြားရာတွင် ယခုလိုတွေ့ဆုံခွင့်ရရှိသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့နှစ်နိုင်ငံအကြားအစိုးရချင်း ပူးပေါင်းဆောင်ရွက်မှုသာမက လွှတ်တော်အချင်းချင်း၊ ပါတီအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်ရေးနှင့် အပြန်အလှန်နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးခြင်းနှင့် အခြားကဏ္ဍများတွင်လည်း ပူးပေါင်း ဆောင်ရွက်နိုင်ရေး အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွားလိုပါကြောင်း၊ ထို့အပြင်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့များ အပြန်အလှန် လေ့လာရေးခရီးစဉ်များနှင့် အတွေ့အကြုံ အမြင်ချင်းဖလှယ်ရေး ဆိုင်ရာကိစ္စရပ်များကိုလည်း ဆောင်ရွက်သွားလိုပါကြောင်း၊ မိမိတာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်း မိမိတို့နှစ်နိုင်ငံ၏ အစိုးရအချင်းချင်း၊ လွှတ်တော်အချင်းချင်း၊ ပြည်သူအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေး အလေးထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆွေတော်၏ ပြောကြားချက်များကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါကြောင်း၊ မိမိတို့နှစ်နိုင်ငံ၏ သံတမန်ဆက်ဆံရေးသည် ယခုမှစတင်ထူထောင်ကြသော်လည်း ကုလသမဂ္ဂ၊ ဘက်မလိုက်အဖွဲ့၊ WTO ၊ IPU တို့တွင် အတူပါဝင်ခဲ့ကြသူများဖြစ်၍ မိတ်ဆွေနိုင်ငံများပင် ဖြစ်ကြသည်ဟု ဆိုနိုင်ပါကြောင်း၊ အဆွေတော်အနေဖြင့် မြန်မာနိုင်ငံတွင် စတင်တာဝန်ထမ်းဆောင် ချိန်မှစ၍ မိမိတို့နိုင်ငံ၏ ပညာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့် နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများကို အသိအမှတ်ပြုပါကြောင်း၊ မိမိတို့လွှတ်တော်တွင် နိုင်ငံတကာလွှတ်တော်များနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးအတွက် လွှတ်တော်ချင်းချစ်ကြည် ရင်းနှီးရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအခါ အစိုးရချင်းပူးပေါင်းဆောင်ရွက်မှုကဏ္ဍများ တိုးမြှင့်လျက်ရှိသကဲ့သို့ နှစ်နိုင်ငံ လွှတ်တော်အချင်းချင်း၊ လွှတ်တော်ရေးရာကော်မတီများအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများနှင့် ပါတီအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာအားကောင်းလာစေရန် အဆွေတော်၏ ကမ်းလှမ်းပြောကြားချက်များကို အထူးကြိုဆိုပါကြောင်းနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများ စတင်နိုင်ရန် ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယခုလို သံတမန်အတွေ့အကြုံကြွယ်ဝသည့် သံအမတ်ကြီး တာဝန်ထမ်းဆောင်နေစဉ်ကာလတွင် မိမိတို့နှစ်နိုင်ငံ၏ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာပွင့်ဆန်းနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
#Myanmar #News