
သန့်ဇင် (NP News) - နိုဝင်ဘာ ၂၀
မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့၏ နယ်စပ်အား တပ်မတော်နယ်မြေရှင်းလင်းရာ (၁၆) ရက်အတွင်း KNU၊ PDF စခန်းပေါင်း (၂၈) ခုအထိ သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း အစိုးရ၏ထုတ်ပြန်ချက်အရ သိရသည်။
ကျိုက်ထိုမြို့နယ်နှင့် ရွှေကျင်မြို့နယ်အတွင်းခိုအောင်းနေသော KNU၊ PDF တို့ခိုအောင်း နေရာများအား တပ်မတော်စစ်ကြောင်းများက တိုက်ခိုက်ချေမှုန်းနေရာ ရွှေကျင်မြို့နယ်အတွင်းရှိ ပွိုင့် (၄၈၀) တောင်ကုန်းအနီး ထီးကလာချောင်းဝန်းကျင်တစ်ဝိုက်ရှိ NUG အထူးတိုင်းစစ်ဌာနအပါအဝင် အကြမ်းဖက်များ၏ ယာယီအခြေပြုစခန်း (၁၁) ခုကို သိမ်းပိုက်ပြီးဖြစ်ကြောင်း သိရသည်။
ထို့နောက် တပ်မတော်စစ်ကြောင်းများက အဆိုပါဒေသများအတွင်း အကြမ်းဖက်အဖွဲ့များ ခိုအောင်းနေထိုင်နိုင်မှုမရှိစေရေးအတွက် လိုအပ်သည့်ပြင်ဆင်စုဖွဲ့မှုများ စနစ်တကျဆောင်ရွက်ပြီး နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ နိုဝင်ဘာလ (၉) ရက်တွင် သိမ်ဇရပ်မြို့၏ အရှေ့မြောက်ဘက် ထီးကလာချောင်းအနီး အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ယာယီအခြေပြုနေထိုင်လျက်ရှိသည့်စခန်း (၂) ခုအား သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် နိုဝင်ဘာလ (၁၀) ရက်တွင် သိမ်ဇရပ်မြို့၏ အရှေ့မြောက်ဘက်ကော့ထီးချောင်းအနီး KNLA တပ်မဟာ(၁)၊ ရင်း(၃)အပါအဝင် အကြမ်းဖက်ပူးပေါင်းအဖွဲ့များ ယာယီအခြေပြုနေထိုင်လျက်ရှိသည့် စခန်း (၂) ခုအား လည်းကောင်း၊ နိုဝင်ဘာလ (၁၂) ရက်တွင် သိမ်ဇရပ်မြို့၏ အရှေ့မြောက်ဘက် ကော့ကလောချောင်းအနီးတွင် အကြမ်းဖက်ပူးပေါင်းအဖွဲ့များ ယာယီအခြေပြုနေထိုင်လျက်ရှိသည့် စခန်း ၂ ခုအားလည်းကောင်း တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ (၁၃) ရက်တွင် သိမ်ဇရပ်မြို့၏ အရှေ့မြောက်ဘက် ကော့ထီးချောင်းအနီးတွင် အကြမ်းဖက်အဖွဲ့များ ယာယီနေထိုင်လျက်ရှိသည့် စခန်း (၂) ခုအားလည်းကောင်း၊ နိုဝင်ဘာလ (၁၅) ရက်တွင် သိမ်ဇရပ်မြို့၏ အရှေ့မြောက်ဘက် ကော်ကတ်ရွာအနီးတွင် အကြမ်းဖက်ပူးပေါင်းအဖွဲ့များ ယာယီအခြေပြုနေထိုင်လျက်ရှိသည့်စခန်း ၁ ခုအားလည်းကောင်း၊ နိုဝင်ဘာလ (၁၆) ရက်တွင် သိမ်ဇရပ်မြို့၏ အရှေ့ဘက်နှင့် အရှေ့တောင်ဘက်ရှိ နတ်စင်ရွာနှင့် ကျောက်ဖျာရွာအနီးတစ်ဝိုက်တွင် အကြမ်းဖက်ပူးပေါင်းအဖွဲ့များ ယာယီအခြေပြုနေထိုင်လျက်ရှိသည့် စခန်း (၃) ခုအား လည်းကောင်း ဆက်လက် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
ထို့နောက် နိုဝင်ဘာလ (၁၇) ရက်တွင် သိမ်ဇရပ်မြို့၏ အရှေ့တောင်ဘက် ချောင်းစောက်ရွာအနီး အကြမ်းဖက်ပူးပေါင်းအဖွဲ့များ ခိုအောင်း ဆေးကုသနေသည့်နေရာ ၁ ခုအားလည်းကောင်း၊ နိုဝင်ဘာလ ၁၈ ရက်တွင် အကြမ်းဖက်များ အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ရန် လက်နက်အားကိုးဖြင့် အတင်းအဓမ္မဝင်ရောက်၍ စစ်စခန်းအဖြစ်အသုံးပြုကာ အဓိကအခြေပြုနေသည့် ချောင်းစောက်ရွာ အားလည်းကောင်း အသီးသီးသိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်များ ဦးတည်ရာမဲ့ဖရိုဖရဲဆုတ်ခွာ ထွက်ပြေးရာနောက်သို့ လိုက်လံ ချေမှုန်းခဲ့ရာ ယမန်နေ့(နိုဝင်ဘာလ ၁၉ ရက်) တွင် ချောင်းစောက်ရွာအနီး ဝန်းကျင်တစ်ဝိုက်၌ အကြမ်းဖက်ပူးပေါင်းအဖွဲ့များ ယာယီအခြေပြုနေထိုင် လျက်ရှိသည့် စခန်း ၃ ခုအား ထပ်မံ၍ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
တပ်မတော်က ထိုသို့ တိုက်ခိုက်သိမ်းပိုက်နိုင်ရေးဆောင်ရွက်ခဲ့ရာ ထိတွေ့တိုက်ပွဲ ၁၃ ကြိမ်ဖြစ်ပွားခဲ့ပြီး KNU ၊ PDF ပူးပေါင်းအဖွဲ့များ ၏စခန်း (၁၇) ခု အား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ အကြမ်းဖက်ခေါင်းဆောင် ၂ ဦးအပါအဝင် အလောင်း ၇ လောင်း၊ လက်နက်မျိုးစုံ ၃၇ လက်၊ ကျည်မျိုးစုံ ၈၃၄၅ တောင့်၊ ကျည်အိမ်မျိုးစုံ ၆၃ ခု၊ ဗုံးသီးမျိုးစုံ ၃၆၃ လုံး၊ မိုင်းမျိုးစုံ ၁၁၃ လုံး၊ ဆက်စပ်ပစ္စည်းမျိုးစုံ ၂၁၅၈ ခု၊ 4 x 4 မော်တော်ယာဉ် ၂ စီး၊ ဒေသန္တရလုပ်မော်တော်ယာဉ် ၁ စီး၊ သောင်းကျန်းသူများ၏ ပြောက်ကျားဝတ်စုံများ၊ ကျည်ကာအင်္ကျီ/ဦးထုပ်များ၊ လူနေတဲများ၊ ဆက်သွယ်ရေးစက်များ၊ ပစ်ကျင်းများ၊ ဘန်ကာများ၊ ကွန်ပျူတာအပါအဝင် ရုံးလုပ်ငန်းသုံးပစ္စည်းများ၊ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများ၊ ရိက္ခာပစ္စည်းများ၊ ဆေးဝါးပစ္စည်းများနှင့် အခြားအသုံးအဆောင်ပစ္စည်း အများအပြားထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
တပ်မတော်စစ်ကြောင်းများက အဆိုပါကျိုက်ထိုမြို့နယ်နှင့် ရွှေကျင်မြို့နယ်အတွင်း အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များ၏ ယာယီအခြေပြုခိုအောင်းနေထိုင်ရာနေရာများအား တိုက်ခိုက်ချေမှုန်းနိုင်ရေး ကြိုးပမ်း ဆောင်ရွက်ခဲ့ရာတွင် နိုဝင်ဘာလ ၃ ရက်မှ နိုဝင်ဘာ ၁၉ ရက်ထိ တိုက်ပွဲကြီး/ငယ် ၁၈ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့နောက် NUG အထူးတိုင်းစစ်ဌာနအပါအဝင် KNU ၊ KNLA စခန်း (၂၈) ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ အကြမ်းဖက်များထံမှ အကြမ်းဖက်ခေါင်းဆောင် ၂ ဦးအပါအဝင် အလောင်း ၇ လောင်း၊ လက်နက်မျိုးစုံ ၁၃၄ လက်၊ ကျည်မျိုးစုံ ၁၃၇၁၉ တောင့်၊ မိုင်းမျိုးစုံ၊ ဗုံးသီးအမြောက်အများနှင့် အခြားဆက်စပ်ပစ္စည်းပေါင်းများစွာ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


