
ALynn (NP News)- နိုဝင်ဘာ ၂၀
အမေရိကန်နိုင်ငံသားများကို လိမ်လည်လှည့်ဖြားသည့် ရင်းနှီးမြှုပ်နှံမှုအစီအစဉ်များဖြင့် ပစ်မှတ်ထားလုပ်ကိုင်နေသော မြန်မာနိုင်ငံအတွင်းရှိ ဆိုက်ဘာငွေလိမ်စင်တာများကို ထောက်ပံ့ကူညီမှုဖြင့် ယခင်ကတည်းက ပိတ်ဆို့အရေးယူခံထားရသည့် DKBA လက်နက်ကိုင်အဖွဲ့၏ ခေါင်းဆောင်နှစ်ဦးကို ထပ်မံပိတ်ဆို့အရေးယူလိုက်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ပြည်ပပိုင်ဆိုင်မှုများ ထိန်းချုပ်ရေးရုံး (OFAC) က ယမန်နေ့ (နိုဝင်ဘာ ၁၉) တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ယင်းထုတ်ပြန်ချက်အရ ပိတ်ဆို့အရေးယူခံရသူများတွင် DKBA လက်နက်ကိုင်အဖွဲ့၏ စစ်ဦးစီးချုပ် စောရွှေဝ ပါဝင်ကြောင်း ဖော်ပြထားသည်။ ထို့ပြင် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ ထိုင်းနယ်စပ်အနီးရှိ ဘုရားသုံးဆူဒေသ၏ လုံခြုံရေးကို ကြီးကြပ်ကွပ်ကဲနေသည့် DKBA တပ်မှူး စောအေဝမ်းကိုလည်း ပိတ်ဆို့အရေးယူလိုက်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
“သမ္မတ ထရမ့်ရဲ့ ဦးဆောင်မှုအောက်မှာ ဘဏ္ဍာရေးဝန်ကြီးဌာနအနေနဲ့ အမေရိကန်နိုင်ငံသားတွေ လိမ်လည်ခံရတာမျိုး မဖြစ်ရအောင် ကာကွယ်ပေးဖို့ ပြည်ပက ငွေလိမ်စင်တာတွေကို ပြင်းပြင်းထန်ထန် ပစ်မှတ်ထား အရေးယူနေပါတယ်” ဟု ဘဏ္ဍာရေးဝန်ကြီး စကော့ဘန်းဆန့်က ပြောကြားခဲ့သည်။
(၂၀၂၅) ခုနှစ်၊ နိုဝင်ဘာလအတွင်းကလည်း OFAC သည် ဆိုက်ဘာငွေလိမ်လုပ်ငန်းများနှင့် ပတ်သက်၍ DKBA အဖွဲ့အပြင် ယင်းအဖွဲ့၏ ထိပ်တန်းခေါင်းဆောင် (၄) ဦးဖြစ်သည့် စောစတီး၊ စောစိန်ဝင်း၊ စောဆန်းအောင်နှင့် စိုင်းကျော်လှတို့ကို ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့သည်။