Myanmar Digital News

တရုတ်နိုင်ငံမှထုတ်လုပ်သည့် လျှပ်စစ်လေယာဉ် လူလိုက်ပါမောင်းနှင်ပျံသန်းမှုဆောင်ရွက်

ပေကျင်း နိုဝင်ဘာ ၁၉

 

တရုတ်နိုင်ငံမှထုတ်လုပ်သည့် အလေးချိန်တန်ချိန် ၁၀ တန်ရှိ လျှပ်စစ်လေယာဉ် CE-25A သည် ၎င်း၏လူလိုက်ပါမောင်းနှင်သည့် ပထမဆုံးပျံသန်းမှုကို နိုဝင်ဘာ ၁၄ ရက်က အောင်မြင်စွာ ဆောင်ရွက်ခဲ့ကြောင်း တရုတ်စီးပွားဖြစ်လေယာဉ်ကော်ပိုရေးရှင်းကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ သိရသည်။

 

တရုတ်နိုင်ငံအရှေ့ပိုင်း ဆန်းတုန်းပြည်နယ် ပင်းကျိုးမြို့၌ ပြုလုပ်ခဲ့သော အဆိုပါပျံသန်းမှုအတွင်း လေယာဉ်ပေါ်၌ လေယာဉ်မှူးနှစ်ဦးနှင့် ပျံသန်းရေးအင်ဂျင်နီယာတစ်ဦးတို့ လိုက်ပါခဲ့သည်။ လေယာဉ်သည် ပုံမှန်အတိုင်း လည်ပတ်ပျံသန်းနိုင်ခဲ့ပြီး စွမ်းဆောင်ရည်ဆိုင်ရာ အညွှန်းကိန်းများ အားလုံးမှာလည်း မျှော်မှန်းထားသည့်အတိုင်း ပြည့်မီခဲ့ကြောင်း အဆိုပါကော်ပိုးရေးရှင်းက ထုတ်ပြန်သည်။

 

CE-25A သည် အဆိုပါကော်ပိုရေးရှင်း၏ ပထမဆုံး လျှပ်စစ်လေယာဉ်ဖြစ်သည်။ မြို့ကြီးများအကြား စီးပွားဖြစ်ပျံသန်းမှုများအတွက် အဓိကထား ဒီဇိုင်းထုတ်ထားသည့် အဆိုပါ လေယာဉ်သည် ခရီးသည် ၁၉ ဦးအထိ တင်ဆောင်နိုင်သည်။ ၎င်းသည် တစ်နာရီလျှင် ကီလိုမီတာ ၃၀၀ နှုန်းဖြင့် ပျံသန်းနိုင်ပြီး ပျံသန်းနိုင်သည့်အမြင့်မှာ မီတာ ၂၄၀၀ ဖြစ်ကာ ခရီးအကွာအဝေး ၄၀၀ ကီလိုမီတာအထိ ပျံသန်းနိုင်စွမ်းရှိသည်။

 

အဆိုပါလေယာဉ်သည် ယခုနှစ် ဖေဖော်ဝါရီ ၂ ရက်က လူမဲ့အလိုအလျောက် ပထမဆုံးပျံသန်းမှုကို အောင်မြင်စွာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ဆင်ဟွာ

မူရင်းသတင်း — Myanmar Digital News