Kanbawza Tai News

ကလောတွင် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ဖမ်းမိ

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်

ကလောမြို့နယ်၊ ဝက်ဖြူရေအုပ်စု၊ ရေယားကျေးရွာတွင် ယမန်နေ့ နိုဝင်ဘာလ ၁၉ ရက်၊ မွန်းလွဲပိုင်းက အမျိုးသားတစ်ဦးကို စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု (တောင်ကြီး) မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့ နိုဝင်ဘာလ ၁၉ ရက်၊ မွန်းလွဲ ၃ နာရီခန့်က ပိန္နဲပင်ရွာသွားလမ်းတွင် စစ်ဆေးရှာဖွေမှုများ ပြုလုပ်နေစဉ် ပိန္နဲပင်ရွာဘက်မှ ရေယားကျေးရွာ ပြည်ထောင်စုလမ်းမကြီးဘက်သို့ လမ်းလျှောက်လာသည့် ယင်းအမျိုးသားကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသူမှာ ရေယားကျေးရွာနေ အသက် ၅၂ နှစ်အရွယ် ကိုကျော်စိုး ဆိုသူဖြစ်ကြောင်း သိရပြီး ၎င်း ဝတ်ဆင်ထားသည့် ပုဆိုးခါးပုံစအတွင်းမှ အပြာရောင်ကပ်ခွာအိတ်ဖြင့် ထည့်ထားသည့် WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြား၊ အလေးချိန် ၁၈ ဂရမ်ခန့်အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသူ ကိုကျော်စိုးအား ကလောမြို့မရဲစခန်းတွင် မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Kanbawza Tai News