
၂၀၀၆ ခုနှစ်တွင် ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိခဲ့သူ ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင်ဟောင်း မိုဟာမက်ယူနွတ်စ်၏ စစ်တကောင်းပင်လယ်ဆိပ်ကမ်းမြို့ရှိ မိသားစုနေအိမ် မီးရှို့ခံခဲ့ရကြောင်း ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က နိုဝင်ဘာ ၁၉ ရက်တွင် ကြေညာခဲ့သည်။
မီးရှို့မှု၏နောက်ကွယ်မှ ကျူးလွန်သူများကို လတ်တလော မသိရသေးပေ။ နိုဝင်ဘာ ၁၈ ရက်ညပိုင်းက နေအိမ်၏ အရှေ့ဘက်ခြမ်းကို မသမာသူများက မီးရှို့ခဲ့ခြင်းဖြစ်ပြီး မီးလောင်သည့်နေရာက ပစ္စည်းများသိုလှောင်သည့်နေရာ ဖြစ်ကြောင်း ၊ မီးလောင်မှုအတွင်း သေကျေဒဏ်ရာရမှုများ မရှိခဲ့ကြောင်း စစ်တကောင်းမြို့ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၄ ခုနှစ်တွင် ကျောင်းသားများဦးဆောင်သည့် အုံကြွမှုများကြောင့် ဝန်ကြီးချုပ်ရှိတ်ဟာဆီနာ ရာထူးမှ ဖြုတ်ချခံရပြီးနောက် မိုဟာမက်ယူနွတ်စ်က ကြားဖြတ်အစိုးရကို ဦးဆောင်ခဲ့သည်။ ထိုအချိန်မှစတင်ပြီး ယူနွတ်စ်သည် ဟာဆီနာ၏ (ယခုဖျက်သိမ်းခံထားရသည့်) အဝါမီလိဂ်နိုင်ငံရေးပါတီ ထောက်ခံသူများ၏ ရန်လိုမှုကို ရင်ဆိုင်ခဲ့ရသည်။
ငွေကြေးချို့တဲ့သူများအတွက် ယူနွတ်စ်ထူထောင်ခဲ့သည့် Grameen Bank က ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ၎င်းတို့ဘဏ်ခွဲ ၂၂ ခု မီးရှို့တိုက်ခိုက်မှုများနှင့် ကြုံခဲ့ရသည်ဟု ပြောသည်။ ဘင်္ဂလားဒေ့ရှ်သို့ ဟာဆီနာ ပြန်ရောက်လာတော့မည့် အခြေအနေနှင့်ပတ်သက်ပြီး လတ်တလောတင်းမာမှုများအတွင်း အဝါမီလိဂ်ပါတီ ထောက်ခံသူများ အဖမ်းခံထားရပြီး ရဲတပ်ဖွဲ့အဆိုအရ ၁၀၇ ဦး ဖမ်းဆီးခံခဲ့ရသည်။
ဟာဆီနာသည် ဖြုတ်ချခံရပြီးကတည်းက အိန္ဒိယတွင် ခိုလှုံလျက်ရှိသည်။ ၂၀၂၅ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်အထူးခုံရုံးက ဆန္ဒပြသူများကို အကြမ်းနည်းဖြင့်နှိမ်နင်းရန် ဟာဆီနာက အမိန့်ပေးခဲ့သည်ဟု ဆုံးဖြတ်ကာ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများဖြင့် ၎င်းကို သေဒဏ်ချမှတ်ခဲ့သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီရွေးကောက်ပွဲတွင် ဟာဆီနာ၏ ကာလရှည်နိုင်ငံရေးပြိုင်ဖက် ၊ ဝန်ကြီးချုပ်ဟောင်း ခါလီဒါဇီယာ၏သား တာရီခ်ရာမန်က အပြတ်အသတ် အနိုင်ရခဲ့သည်။
Ref: AFP