Eleven Media Group

အရက်ချက်စက်ရုံပိုင်ဆိုင်ခွင့်နှင့် ချက်လုပ်ခွင့်လိုင်စင်အတွက် ကျပ်သိန်း ၁၀၀ မှ ကျပ်သိန်း ၂၅၀ အထိ အခွန်ဆောင်ရမည့်အချက်ပါဝင်သော ယစ်မျိုးခွန်ဥပဒေကြမ်းကို ရန်ကုန်တိုင်းလွှတ်တော်အတည်ပြု

အရက်ချက်စက်ရုံပိုင်ဆိုင်ခွင့်နှင့် ချက်လုပ်ခွင့်လိုင်စင်အတွက် ကျပ်သိန်း ၁၀၀ မှ ကျပ်သိန်း ၂၅၀ အထိ အခွန်ဆောင်ရမည့်အချက်ပါဝင်သော ယစ်မျိုးခွန်ဥပဒေကြမ်းကို ရန်ကုန်တိုင်းလွှတ်တော်က အတည်ပြုခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၂၀ ရက်က ပြုလုပ်သော တတိယအကြိမ်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ အရေးပေါ်အစည်းအဝေး(၁/၂၀၂၆) စတုတ္ထနေ့အစီအစဉ်တွင် လွှတ်တော်၏ အဆုံးအဖြတ်ရယူကာ အတည်ပြုခဲ့ခြင်းဖြစ်သည်။

အတည်ပြုလိုက်သော ယစ်မျိုးခွန်ဥပဒေအရ အရက်ချက်စက်ရုံပိုင်ဆိုင်ခွင့်နှင့် ချက်လုပ်ခွင့်လိုင်စင်အတွက် အခွန်ကောက်ခံရာတွင် ထုတ်လုပ်မှုဂါလန် တစ်ရက်လျင် ဂါလန် ၅၀ မှ ဂါလန် ၅၀၀ အတွက် ငွေကျပ်သိန်း ၁၀၀ ၊ ဂါလန် ၅၀၀ မှ ဂါလန် ၁၀၀၀ အတွက် ငွေကျပ် သိန်း ၁၅၀ နှင့် ဂါလန်တစ်ထောင်နှင့်အထက်ကို ငွေကျပ် သိန်း ၂၅၀ ကောက်ခံ သွားမည်ဖြစ်သည်။

ထို့ပြင် အရက်ချက်စက်ရုံပိုင်ဆိုင်ခွင့်သာရှိပြီး ချက်လုပ်ခွင့်မရှိသည့်လိုင်စင်အတွက် ငွေကျပ်သိန်း ၂၀၊ ဝိုင်အရက်များထုတ်လုပ်ခွင့်လိုင်စင်အတွက် ငွေကျပ်ငါးသိန်း၊ ပြည်ပမှ တင်သွင်းလာသော နိုင်ငံခြားအရက်ပြင်းကို ပေါင်းစပ်ခွင့်၊ ရောနှောခွင့်၊ အနံ့ထည့်ခွင့်နှင့် အရောင်ဆိုးခွင့်လိုင်စင်အတွက် ငွေကျပ် သိန်း ၂၀ အခွန်ကောက်ရန် ဥပဒေကြမ်းတွင် ပါရှိသည်။

အဆိုပါဥပဒေကြမ်းကို နိုဝင်ဘာ ၆ ရက်က ပြုလုပ်သော တတိယအကြိမ်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ အရေးပေါ်အစည်းအဝေး(၁/၂၀၂၆) ပထမနေ့အစီအစဉ်တွင် ဥပဒေကြမ်းကော်မတီက ရန်ကုန်တိုင်းဒေသကြီး ယစ်မျိုးခွန်ဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့်ဥပဒေကြမ်းကို လွှတ်တော်သို့တင်သွင်းခြင်းခဲ့ခြင်းဖြစ်သည်။

ယစ်မျိုးခွန်ကောက်ခံရာတွင် ရန်ကုန်တိုင်းသည် တတိယအဆင့်သာရှိကြောင်းနှင့် လက်ရှိကောက်ခံနေသည့် နှုန်းထားများအပေါ် ဖြစ်သင့်သည့်နှုန်းထားများကို လွှတ်တော်သို့တင်ပြရခြင်းဖြစ်ကြောင်း ဥပဒေကြမ်းကော်မတီကပြောကြားထားသည်။

တိုင်းဒေသကြီး၊ ပြည်နယ် ၁၄ ခုနှင့် နေပြည်တော်အပါအဝင် ၁၅ ခုသည် ဥပဒေများ ရေးဆွဲခြင်း၊ ပြင်ဆင်ခြင်းများပြုလုပ်ပြီး ဥပဒေနှင့်အညီ ယစ်မျိုးခွန်များကို ကောက်ခံလျက်ရှိကြောင်း၊ ထိုသို့ကောက်ခံရာတွင် ရန်ကုန်၊ မန္တလေး၊ ရှမ်း၊ ဧရာဝတီ၊ နေပြည်တော်နယ်မြေများကသာ ကျန်ရှိသော တိုင်းဒေသကြီးနှင့်ပြည်နယ်များထက် ယစ်မျိုးလိုင်စင်ကောက်ခံသည့် နှုန်းထားအများဆုံး ဖြစ်ကြောင်းနှင့် ယင်းနယ်မြေ(၅)ခုအနက် မန္တလေးတိုင်းဒေသကြီးက အများဆုံးဖြစ်ပြီး နေပြည်တော်က ဒုတိယဖြစ်ကာ ရန်ကုန်တိုင်းဒေသကြီးက တတိယအဆင့်သာ ရှိနေကြောင်း ဥပဒေကြမ်းကော်မတီ၏ တင်ပြချက်တွင် ပါရှိသည်။

မူရင်းသတင်း — Eleven Media Group