Myanmar National Post

မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ရမည်းသင်းခရိုင်အတွင်းရှိ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီများ တွေ့ဆုံပွဲ ကျင်းပ

 



မိတ္ထီလာ ၊  နိုဝင်ဘာ၂၀

မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ရမည်းသင်းခရိုင်အတွင်းရှိ ခရိုင်၊မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီများ တွေ့ဆုံပွဲအခမ်းအနားကို နိုဝင်ဘာလ ၂ဝ ရက်နေ့ မွန်းလွဲ ၁နာရီက မိတ္ထီလာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်က မိတ်ဆက်အမှာစကားပြောကြားပြီး မိတ္ထီလာခရိုင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဉီးအောင်မြင့်ဦးနှင့် ရမည်းသင်းခရိုင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးချစ်တို့က သက်ဆိုင်ရာခရိုင်များအတွင်း လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

ဆက်လက်၍ တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာသူများ သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီး ဆွေးနွေးတင်ပြကြပြီး မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက ထပ်ဆင့်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။ အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ မိတ္ထီလာခရိုင်၊ ရမည်းသင်းခရိုင်တို့မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများနှင့်ကော်မတီဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ချမ်းသာ

https://t.me/MyanmarNationalPost

မူရင်းသတင်း — Myanmar National Post