Myanmar Transparency News

ICJ ဆုံးဖြတ်ချက် တရားသူကြီး ၁၅ ယောက်တွင် ၉ ယောက်သာ သဘောတူပြီး ၆ ယောက် သဘောမတူသည့်အတွက် အားလုံးတစ်ညီတည်းဆုံးဖြတ်ချက်မဟုတ်ဘဲ Fair မဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးပြောကြား

၂၀.၁၁.၂၀၂၆
Written by NYL

ICJ ၏ ဆုံးဖြတ်ချက်မှာ တရားသူကြီး ၁၅ ယောက်တွင် ၉ ယောက်သာ သဘောတူပြီး ၆ ယောက် သဘောမတူသည့်အတွက် အားလုံးတစ်ညီတည်းဆုံးဖြတ်ချက်မဟုတ်ဘဲ Fair မဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။

နိုင်ငံတော်သမ္မတရုံး၏ ဒုတိယအကြိမ်သတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာ ၂၀ ရက်၊ နေ့လယ် ၁ နာရီက နေပြည်တော်တွင်ပြုလုပ်ခဲ့ပြီး ICJ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ သတင်းမီဒီယာတစ်ခု မေးမြန်းမှုအပေါ် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခိုင်ခိုင်စိုးက ” ICJ နဲ့ပတ်သက်ပြီး ဘယ်လိုသဘောထားရှိလဲဆိုတော့ ကျွန်မတို့စပြီးတော့ ဆောင်ရွက်ခဲ့တာသည် ခုနစ်နှစ် ရှိပါပြီ။ ဒီ ICJ နဲ့ပတ်သက်ပြီး ကျွန်မတို့နိုင်ငံဘက်က မတရားစွပ်စွဲခံရတာလည်း အမှန်ပဲ ဖြစ်ပါတယ်။ အဲဒါတွေနဲ့ပတ်သက်ပြီးတော့လည်း ကျွန်မတို့ ဖြေရှင်းချက်တွေကို တကယ်ကို ထဲထဲဝင်ဝင် အကုန်လုံး စနစ်တကျ လုပ်ခဲ့ပါတယ်။ နောက်တစ်ခါ ကျွန်မတို့ ဒီကြားထဲမှာပေါ့ သူတို့ချတဲ့ အမိန့်တွေ ဘာလုပ်ပါ ညာလုပ်ပါ ဆိုတဲ့ဟာတွေ အကုန်လုံးကိုလည်း ကျွန်မတို့ လိုက်နာခဲ့ပါတယ်။ အကောင်းဆုံး ကျွန်မတို့ဘက်က လိုက်နာစရာရှိတဲ့ ဖြေရှင်းစရာရှိတာတွေကို လုံးဝ International သူတို့ Step ဟိုဟာတွေ သူတို့ ဟိုဟာတွေနဲ့အညီနော် ဒါ ကျွန်မတို့ လုပ်ခဲ့ပါတယ်။ သို့သော်လည်း မနေ့က Result ထွက်လာပါပြီ။ အဲတော့ ကျွန်မတို့ဘက်က ကြိုးစားတဲ့အပိုင်းကတော့ ပြီးပြီ။ Result ထွက်တော့လည်း Result ကို ကြည့်တဲ့အချိန်မှာ ကျွန်မတို့ တရားသူကြီး ၁၅ ယောက်မှာ ၁၅ ယောက်လုံးက သဘောတူတာ မဟုတ်ပါဘူးရှင့်။ ၉ ယောက်က ဒီဆုံးဖြတ်ချက်ကို သဘောတူတယ်။ ၆ ယောက်က သဘောမတူဘူး။ ဆိုတော့ ဒါသည် အားလုံး တညီတညာတည်း ဆုံးဖြတ်တဲ့ ဆုံးဖြတ်ချက် မဟုတ်ဘူး။ Fair မဖြစ်ဘူးလို့ ကျွန်မ ပြောချင်ပါတယ် ” ဟု ပြောကြားခဲ့သည်။

ICJ ၏ ဆုံးဖြတ်ချက်သည် စာမျက်နှာပေါင်း ရာနှင့်ချီရှိပြီး ဖတ်ကြားသွားသည်မှာ ၃ နာရီခန့်ကြာကြောင်း တရားရုံး၏ဆုံးဖြတ်ချက်တွင် စာမျက်နှာ ၁၈၆ မျက်နှာရှိပြီး တရားသူကြီးများ၏ စီရင်ချက်မှာ စာမျက်နှာ ၂၆၉ မျက်နှာရှိကြောင့် မိမိတို့အနေဖြင့် အဆိုပါအချက်များမှာ ဥပဒေနှင့် ပတ်သက်သည့်စာများဖြစ်၍ သေချာအချိန်ယူပြီး လေ့လာရမည်ဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ဆက်လက်ပြောကြားခဲ့သည်။

ထို့ပြင် ICJ ဆုံးဖြတ်ချက်နှင့် ကမ္ဘာ့ထိပ်သီးခေါင်းဆောင်သုံးဦးဖြစ်သည့် အမေရိကန်၊ ရုရှားနှင့် တရုတ်တို့မှ နိုင်ငံခေါင်းဆောင်သုံးဦးက Statement ထုတ်ပြန်ရသည့်အနေအထားဖြစ်၍ စဉ်းစားကြည့်၍ ရနိုင်မည်ဖြစ်ကြောင်း သမ္မတရုံး‌ ပြောရေးဆိုခွင့်ရှိသူက ထပ်မံပြောကြားခဲ့သည်။

“မနေ့ကပဲ တကယ့် ကမ္ဘာ့ထိပ်သီးခေါင်းဆောင်ကြီး သုံးဦး သူတို့ပြောထားတာလေးတွေ ကျွန်မလည်း ဒီရက်ပိုင်းမှာ တွေ့လို့ စာထုတ်လာပါတယ်။ ကျွန်မ မနက်ကမှ ထုတ်လာတာ။ သူတို့ရဲ့ သုံးသပ်ချက်ကိုပဲ အရင် နားထောင်ကြည့်ပါ။ နော် ICC နဲ့ ဒီအလားတူ နိုင်ငံတကာအဖွဲ့အစည်းတွေက တရားစီရင်ပိုင်ခွင့်အာဏာကို အလွဲသုံးစား မပြုလုပ်သင့်ကြောင်းဆိုတဲ့ဟာ။ နောက် ICJ ကလည်း မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်ကို အမေရိကန်က လေ့လာသုံးသပ်နေတယ်။ ဒါက နိုင်ငံရေးအရ အသုံးမပြုစေလိုဘူး ဆိုတာ ကျွန်မတို့ရဲ့ သဘောထားထက်စာရင် တကယ့် ကမ္ဘာ့ထိပ်သီး သုံးနိုင်ငံက ဖStatement ထုတ်ရတဲ့ အနေအထားဆိုတော့ ဒါလေးကို ဦးမြတ်ခိုင်(မေးမြန်းသူ) ကိုယ့်ဟာကိုယ် စဉ်းစားကြည့်လို့ ရပါလိမ့်မယ် ” ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတရုံး၏ ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲကို သတင်းမီဒီယာစုစုပေါင်း ၃၈ ခုခန့် တက်ရောက် သတင်းရယူခဲ့ပြီး မေးခွန်းပေါင်း ၁၅ ခုခန့် မေးမြန်းခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News