Myanmar Transparency News

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာမှ လွှတ်ပေးရန်တောင်းဆိုမှုအပေါ် သမ္မတကြီးဖြေကြားခဲ့သည့်အတိုင်းသာဖြစ်ပြီး အနာဂတ်ကိုမျှော်တွေး၍ ဘာဆက်ဖြစ်လာမည်ဆိုသည်ကို သေချာမပြောနိုင်သေးကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြောကြား

၂၀.၁၁.၂၀၂၆
Written by NYL

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာမှ လွှတ်ပေးရန်တောင်းဆိုမှုအပေါ် သမ္မတကြီးဖြေကြားခဲ့သည့်အတိုင်းသာဖြစ်ပြီး အနာဂတ်ကိုမျှော်တွေးကာ ဘာဆက်ဖြစ်လာမည်ဆိုသည်ကို သေချာမပြောနိုင်သေးကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခိုင်ခိုင်စိုးက နိုဝင်ဘာ ၂၀ ရက်၊ နေ့လယ် ၁ နာရီတွင် ပြုလုပ်ခဲ့သည့် သမ္မတရုံး၏ ဒုတိယအကြိမ်သတင်းစာရှင်းလင်းပွဲ၌ သတင်းမီဒီယာတစ်ခု မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားခဲ့သည်။

သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူနှင့် ဒုတိယဝန်ကြီး ဒေါက်တာ ခိုင်ခိုင်စိုးက ” အဲဒီမေးခွန်းကတော့ သမ္မတကြီး Time မဂ္ဂဇင်းမှာလည်း ဖြေထားပြီးပါပြီနော်။ ကျွန်မတို့ ပြီးခဲ့တဲ့လတွေတုန်းက ဒေါ်အောင်ဆန်းစုကြည်ကို သားဖြစ်သူနဲ့ ဖုန်းပြောခွင့်ပေးတယ်။ နောက်ပြီး ကျွန်မတို့တွေ အကျဉ်းထောင်မှာ မထားပါဘူး။ တကယ်တော့ဒေါ်အောင်ဆန်းကြည်က ရွေးကောက်ပွဲမှာ မဲမသမာမှုတွေလုပ်တာ၊ အဂတိလိုက်စားမှု၊ မှားယွင်းတဲ့ စီမံခန့်ခွဲမှုတွေလုပ်တာ စသည်ဖြင့် တရားဥပဒေအရ ပြစ်မှုထင်ရှားလို့ ပြစ်မှုဆိုင်ရာဥပဒေအရ အရေးယူခံထားရတာဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံတော်အစိုးရအနေနဲ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်အရွယ်၊ လူသားချင်းစာနာထောက်ထားမှု အဲ့ဒီ့အတွက်ကိုရှေးရှုပြီးတော့မှ ပြစ်ဒဏ်တွေလျှော့ပေါ့ပေးတယ်။ အကျဉ်းထောင်မှာ မထားပါဘူး။ ဓါတ်ပုံထဲမှာကြည့်ရင် မြင်ရမှာပါ ကျွန်မတို့ အိမ်နဲ့ကောင်းကောင်းမွန်မွန် စနစ်တကျ ထားပါတယ်။ ခုနပြောသလိုပဲ သားဖြစ်သူနဲ့ဖုန်းဆက်ခွင့်ပေးတာ နောက် ICRC နဲ့ တွေ့ဆုံခွင့်ပေးတာ၊ ဒါတွေကိုလည်း ကျွန်မတို့တရားဝင် သတင်းထုတ်ပြန်ထားပါတယ် ” ဟု ပြောကြားခဲ့သည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ဆောင်ချက်များအပေါ်တွင် မူတည်ပြီး လျှော့ပေါ့စဉ်စားရန်အချက်အလက်များရှိလျှင် လျှော့ပေါ့စဉ်စားသွားမည်ဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ဆက်လက်ဖြေကြားခဲ့သည်။

“အဲ့ဒီတော့ သူမကိုလွှတ်ပေးမလား ဆိုတာနဲ့ လွှတ်ပေးဖို့နိုင်ငံတကာက ပြောနေကြတယ်ပေါ့။ ဒါနဲ့ပတ်သတ်ပြီးတော့ သမ္မတကြီးဖြေတဲ့အတိုင်းပဲ ဖြေပါ့မယ်။ ဒါကသမ္မတကြီးရဲ့မူဝါဒပါ။ Times Magazine ကိုပြောခဲ့ တာရှိပါတယ်။ အနာဂတ်ဆိုတာ ကြိုပြီးတော့မျှော်တွေးလို့ မရတဲ့အတွက် ဘာဆက်ဖြစ်မယ်ဆိုတာသေချာမပြောနိုင်သေးပါဘူး။ သမ္မတကြီးကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့လုပ်ဆောင်ချက်တွေပေါ် မှာပဲ မူတည်ပြီးတော့မှ လျှော့ပေါ့စဉ်းစားဖို့အချက်အလက်တွေ ရှိရင်လည်း လျှော့ပေါ့စဉ်းစားပါမယ်။ အဲ့ဒီ့အတိုင်းကိုဖြေကြားပေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာပဲမူတည်တယ်။ အဲ့ပေါ်မူတည်ပြီးတော့မှ အခွင့်အရေးတွေရလာမှာဖြစ်ပါတယ်ဆိုပြီးတော့ သမ္မတကြီးက ဖြေထားပါတယ်ရှင့်။အဲ့တော့ သမ္မတကြီးဖြေတဲ့အတိုင်းပါပဲ ” ဟု ပြောကြားခဲ့သည်။

ဆက်လက်၍ နေထိုင်ရသည့် Standard Comfortable ဖြစ်မှုနှင့် အစိုးရအနေဖြင့် အများကြီးသက်ညှာ စဉ်းစားပေးထားကြောင်း ၎င်းက ထပ်မံဖြေကြားခဲ့သည်။

” နောက်တစ်ခု ထည့်ပြီးပြောချင်တာကတော့ အားလုံးမြင်တဲ့အတိုင်းပဲ ကျွန်မတို့ သူမကိုအကျဉ်းချထားတယ်ဆိုပေမယ့် နေရထိုင်ရတဲ့ Standard Comfortable ဖြစ်မှုပေါ့။ အစိုးရအနေနဲ့အများကြီးသက်သက်ညှာညှာ စဉ်းစားထားပေးထားပါတယ်လို့ဖြေကြားလိုပါတယ် ” ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားခဲ့သည်။

မူရင်းသတင်း — Myanmar Transparency News