Myanmar Transparency News

တာချီလိတ်တွင် ငါးမျှားချိတ် ရေထဲဆင်းဖြုတ်ရာမှ ပျောက်ဆုံးခဲ့သော လူငယ်၏ရုပ်အလောင်းကို လေးရက်အကြာတွင် ပြန်တွေ့

၂၀.၁၁.၂၀၂၆
Written by KL

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ဆေခမ်းအုပ်စု၊ စက်မှုဇုန်ရှိ အစာချက်စက်ရုံအနီး ဟောင်လိတ်ရေချောင်းတွင် ငါးမျှားချိတ် ရေထဲဆင်းဖြုတ်ရာမှ ရေနစ်ကာ ပျောက်ဆုံးခဲ့သော ဆယ်ကျော်သက်လူငယ်ကို လေးရက်အကြာ နိုဝင်ဘာလ ၁၉ ရက် မွန်းလွဲပိုင်းက ပြန်လည်တွေ့ရှိခဲ့ကြောင်း ရုပ်အလောင်းကို သွားရောက်သယ်ယူပေးခဲ့သည့် ဦးလှမိုး တာချီလိတ်လူမှုကူညီရေးအသင်းထံမှ သိရသည်။

“ရေချောင်း အောက်ပိုင်းမှာ ရေပေါ်မျောနေတဲ့ ကောင်လေးရဲ့အလောင်းကို ပြန်တွေ့တာ”ဟု ရုပ်အလောင်းဆယ်ယူရာတွင် ပါဝင်သူတစ်ဦးက ပြောသည်။

သေဆုံးသူလူငယ်မှာ အသက် ၁၄ နှစ်အရွယ် မောင်အောင်ထက်ဟိန်းဖြစ်ပြီး နိုဝင်ဘာ ၁၆ ရက် ညနေ ၅ နာရီခန့်က သူငယ်ချင်းတစ်ဦးနှင့်အတူ ဦးထွန်းအောင်တံတားအနီး မယ်ဟုတ်ချောင်းတွင် ငါးမျှားနေစဉ် ငါးမျှားချိတ် ငြိနေသဖြင့် ရေထဲဆင်းဖြုတ်ရာမှ ချော်ကျကာ ရေနစ်၍ ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အတူပါလာသူ သူငယ်ချင်းက မောင်အောင်ထက်ဟိန်းရေနစ်စဥ်က ပတ်ဝန်းကျင်ရှိ လူကြီးများကို အကြောင်းကြားခဲ့ပြီး တာဝန်ရှိသူများ၊ လူမှုကူညီရေးအသင်းများနှင့် ဒေသခံတို့က ဝိုင်းဝန်းရှာဖွေခဲ့သော်လည်း သုံးရက်မြောက်နေ့အထိ ပြန်မတွေ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၁၉ ရက်နေ့က ရေနစ်ပျောက်ဆုံးသော လူငယ်၏ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိသဖြင့် တာချီလိတ်သဒ္ဒါပရဟိတအသင်းမှ အသင်းဝင်များ၊နှင့် ရွှေမယ်ယန်းပရဟိတအသင်းတို့မှ အသင်းဝင်များက ပုံလို့သုသာန်သို့ ပို့ဆောင်ကာ မီးသင်္ဂြိုဟ်ပေးခဲ့ကြောင်း သိရသည်။

ရေနစ်ပျောက်ဆုံးသော လူငယ်ကို တာချီလိတ်မြို့နယ် မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဦးလှမိုး တာချီလိတ်လူမှုကူညီရေးအသင်း၊တာချီလိတ်သဒ္ဒါပရဟိတအသင်းနှင့် ရွှေမယ်ယန်းပရဟိတအသင်းတို့မှ ဝိုင်းဝန်းရှာဖွေကူညီပေးခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News