NP News

၂၀၂၆ ဇန်နဝါရီမှ အောက်တိုဘာအထိ (၁၀) လအတွင်း မူးယစ်ဆေးဝါးမှု (၅၀၀၀) ကျော်နှင့် တရားခံ (၇၅၀၀) ဦးနီးပါးကို ဖမ်းဆီးခဲ့

စိမ့်စမ်းရေ (NP News) - နိုဝင်ဘာ ၂၀
၂၀၂၆ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ (၁၀) လအတွင်း မူးယစ်ဆေးဝါးအမှုပေါင်း (၅၀၀၀) ကျော်နှင့် တရားခံ (၇၅၀၀) ဦးနီးပါးကို ဖမ်းဆီးရမိခဲ့ကြောင်း အစိုးရဘက်မှ သက်ဆိုင်သူတစ်ဦးက ပြောကြားခဲ့သည်။
နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတွင် ယနေ့ (နိုဝင်ဘာလ ၂၀ ရက်) က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အစိုးရဘက်မှ သက်ဆိုင်သူတစ်ဦးက အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
မူးယစ်ဆေးဝါးကို အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒဖြင့် တားဆီးနှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီးတော့မှ ကျွန်တော်တို့ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒနဲ့ စီမံချက်တွေနဲ့ တားဆီးနှိမ်နင်းရေးလုပ်ငန်းတွေကို ဆောင်ရွက်နေပါတယ်။ ၂၀၂၆ ဇန်နဝါရီလကနေ အောက်တိုဘာလအထိကို မူးယစ်ဆေးဝါးအမှုပေါင်း (၅၁၂၆) မှု ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး တရားခံကတော့ (၇၄၅၈) ဦးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။
ထို့ပြင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးကို စီမံချက်တစ်ခုအဖြစ် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
“စီမံချက်ကို အကောင်အထည်ဖော်ဆောင်ရွက်နေပြီးတော့ မူးယစ်ဆေးဝါး ထုတ်လုပ်မှု၊ သိုလှောင်မှု၊ သယ်ဆောင်မှုနဲ့ ရောင်းဝယ်မှုတွေကို ဆက်လက်ကာကွယ်တားဆီးသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

မူရင်းသတင်း — NP News