Kanbawza Tai News

အရှေ့တောင်အာရှမှာ ငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းနေချိန် အခြေစိုက်စခန်းသစ်တစ်ခု ပေါ်ပေါက်လာ

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်

၂၀၂၅ ခုနှစ်ကတည်းက အရှေ့တောင်အာရှမှာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းမှုတွေ တင်းကျပ် လာတာကြောင့် ငွေလိမ်ဂိုဏ်းတွေရဲ့ လုပ်ငန်းပုံစံ ပြောင်းလဲလာပါတယ်။ အရင်ကလို ငွေလိမ်လုပ်ငန်း တွေကို စခန်းကြီးတွေမှာ စုစည်း လုပ်ကိုင်တာထက် အဖွဲ့ငယ်တွေခွဲပြီး လုပ်ကိုင်လာသလို ဥပဒေ စိုးမိုးရေး အားနည်းတဲ့နိုင်ငံတွေမှာ အခြေစိုက်ရာတွေ ရှာဖွေလာကြပါတယ်။

အခုဆိုရင် တောင်အာရှနိုင်ငံတွေဖြစ်တဲ့ ပါကစ္စတန်နဲ့ သီရိလင်္ကာတို့မှာလည်း ဒီလို ငွေလိမ်ဂိုဏ်းတွေကို တုံ့ပြန် နှိမ်နင်းဖို့ ကြိုးစားနေရပါတယ်။

ငွေလိမ်ဂိုဏ်းတွေအတွက် အစောပိုင်းက ရွေးချယ်စရာတစ်ခုက သီရိလင်္ကာဖြစ်ပြီး ဝင်ရောက်ခွင့်ဗီဇာ စည်းမျဉ်းတွေ လွယ်ကူတာ၊ မြန်ဆန်ပြီး ယုံကြည်စိတ်ချရတဲ့ အင်တာနက်ရရှိတာနဲ့ နေထိုင်စရိတ်၊ အိမ်ငှားခတွေ သက်သာတာ ကြောင့် တိုက်ခန်းနဲ့ ဗီလာတွေကို အခြေစိုက်ရာအဖြစ် အသုံးပြုလာ ကြပါတယ်။ ၂၀၂၆ ခုနှစ်အစကတည်းက သီရိလင်္ကာရဲတပ်ဖွဲ့က ဆိုက်ဘာရာဇဝတ်မှုတွေနဲ့ ပတ်သက် တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နိုင်ငံခြားသား ၁ , ၁၀၀ ကျော်ကို ဖမ်းဆီးထားပြီး အများစုက တရုတ်၊ ဗီယက်နမ်နဲ့ အိန္ဒိယနိုင်ငံသားတွေ ဖြစ်ပါတယ်။ အဲဒီကွန်ရက်တွေဟာ အာရှ တစ်ဝန်းက လူတွေကို ပစ်မှတ်ထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ပါကစ္စတန်လည်း ငွေလိမ်ဂိုဏ်းတွေရဲ့ အခြေစိုက်ရာတစ်ခုအဖြစ် ပေါ်လာနေပါတယ်။ အောက်တိုဘာလက ရာဝါလ်ပင်ဒီမြို့မှာ သံသယရှိတဲ့ ငွေလိမ်စခန်းတစ်ခုကို ဝင်ရောက်စီးနင်းရာ မလေးရှားနိုင်ငံသား ၁၃၀ ကို ဖမ်းဆီးခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ဟာ ပါကစ္စတန်မှာ ငွေလိမ်ကွန်ရက်တွေ ရှိနေကြောင်း ထင်ရှားတဲ့ အထောက်အထား တစ်ခု ဖြစ်တယ်လို့ ဖွဲ့စည်းထားတဲ့ ရာဇဝတ်မှုဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။

မလေးရှားအာဏာပိုင်တွေပြောဆိုချက်အရ ဖမ်းဆီးခံရသူတွေထဲမှာ ဗီဇာသက်တမ်းရှိသူတွေနဲ့ သက်တမ်းကုန်နေသူ တွေ ပါဝင်ပါတယ်။ သူတို့ဟာ ရာဝါလ်ပင်ဒီမြို့ တောင်ဘက်အစွန်မှာရှိတဲ့ အဆင့်မြင့် တိုက်ခန်းနဲ့ ရုံးခန်းပေါင်းစပ် ထားတဲ့ အဆောက်အအုံတစ်ခုမှာ နေထိုင်လုပ်ကိုင်နေကြ တာဖြစ်ပါတယ်။ မလေးရှားနိုင်ငံသားတွေကို ဘဏ်ဝန်ထမ်း နဲ့ ရဲအရာရှိတွေအဖြစ် ဟန်ဆောင်ပြီး သံသယဖြစ်ဖွယ် ငွေကြေးလွှဲပြောင်းမှုတွေရှိတယ်လို့ ပြောကာ ငွေလွှဲပေးဖို့ ဖိအားပေးခဲ့တယ်လို့ သိရပါတယ်။

ပါကစ္စတန်မီဒီယာတွေကတော့ အဲဒီလုပ်ငန်းကို ကမ္ဘောဒီးယားအခြေစိုက် မလေးရှားနိုင်ငံသားတစ်ဦး က ဦးဆောင်ပြီး ပါကစ္စတန်မှာ ကြီးကြပ်သူတွေထားရှိ လည်ပတ်ခဲ့တယ်လို့ ဖော်ပြပါတယ်။ မလေးရှားရဲတပ်ဖွဲ့ကလည်း စုံစမ်းစစ်ဆေး မှုမှာ ကူညီဖို့ ပါကစ္စတန်ကို အဖွဲ့တစ်ဖွဲ့ စေလွှတ်မယ်လို့ ပြီးခဲ့တဲ့အပတ်မှာ ပြောပါတယ်။ ပါကစ္စတန်ကျွမ်းကျင်သူက တော့ ဒီပုံစံကို “ franchise displacement model” လို့ ခေါ်ဆိုပါတယ်။

သြဂုတ်လအစောပိုင်းမှာလည်း ပါကစ္စတန်အာဏာပိုင်တွေက အစ္စလာမာဘတ်မြို့ရဲ့ ချမ်းသာတဲ့ Gulberg Green ရပ်ကွက်မှာ သံသယရှိတဲ့ ငွေလိမ်စခန်းတစ်ခုကို ဝင်ရောက်စီးနင်းခဲ့ပြီး နိုင်ငံခြားသား ၂၅၈ ဦးကို ဖမ်းဆီးခဲ့ပါတယ်။ အဲဒီထဲမှာ တရုတ်နိုင်ငံသား ၄၀ နဲ့ ဗီယက်နမ်နိုင်ငံသား ၁၇၀ ပါဝင်ပြီး သူတို့ဟာ ခရီးသွားဗီဇာတွေနဲ့ ပါကစ္စတန်ကို ရောက်လာကြတာလို့ အာဏာပိုင်တွေက ပြောပါတယ်။

ပါကစ္စတန်မှာ ၂၀၂၆ ခုနှစ်အစောပိုင်းအထိ ဗီဇာရရှိဖို့ လွယ်ကူခဲ့သလို ရုံးခန်းငှားခ သက်သာတာ၊ အင်္ဂလိပ်စကားပြော လူငယ်အင်အားစု အများအပြားရှိတာနဲ့ ကြီးကြပ်မှု အားနည်းချက်တွေ ရှိခဲ့ပါတယ်။ ၂၀၂၅ ခုနှစ် Sum sub Global Fraud Index မှာတော့ ဒစ်ဂျစ်တယ်လိမ်လည်မှုနဲ့ ကြုံတွေ့နိုင်ခြေနဲ့ ဒစ်ဂျစ်တယ်လုံခြုံရေး အားနည်းမှုကို တိုင်းတာ ထားတဲ့ နိုင်ငံ ၁၁၂ နိုင်ငံအနက် ပါကစ္စတန်ကို ဒစ်ဂျစ်တယ်ငွေလိမ်မှုအန္တရာယ် အမြင့်ဆုံးနိုင်ငံအဖြစ် သတ်မှတ်ထား ပါတယ်။

Ref – CNA

မူရင်းသတင်း — Kanbawza Tai News