
Pika (NP News)- နိုဝင်ဘာ ၂၀
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ယာယီခေါင်းဆောင်ဟောင်းနှင့် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် မိုဟာမက်ယူနွတ်စ်၏ ဘိုးဘွားပိုင်နေအိမ်တစ်ခုမှာ မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။ဒါကာမြို့၏အရှေ့တောင်ဘက် (၃၀၀)ကီလိုမီတာအကွာတွင်ရှိသော စစ်တကောင်းမြို့တွင်ရှိသည့် မိုဟာမက်ယူနွတ်စ်၏ ဘိုးဘွားပိုင်အိမ်မှာ မီးရှို့ဖျက်ဆီးခံခဲ့ရခြင်းဖြစ်ကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်းတွင် အကြမ်းဖက်မှုများဖြစ်ပွားနေမှုနှင့်အတူ ရာထူးမှဖယ်ရှားခံလိုက်ရသည့် ဝန်ကြီးချုပ်ဟောင်းရှိတ်ဟာစီနာ၏ ထောက်ခံသူများက ဆန္ဒပြပွဲများလုပ်ဆောင်ခဲ့ပြီးနောက် အဆိုပါမီးရှို့ဖျက်ဆီးမှုထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ပြည်သူများ၏တောင်းဆိုမှုများကြောင့် ရှိတ်ဟာစီနာသည် ရာထူးမှနှုတ်ထွက်ပေးခဲ့ရပြီး မိုဟာမက်ယူနွတ်စ်က ယာယီခေါင်းဆောင်အဖြစ် အချိန်(၁၈)လကြာအောင် တာဝန်ထမ်းဆောင်ခဲ့ခြင်းလည်းဖြစ်သည်။အဆိုပါမီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်၏အောက်ထပ်အခန်းမှာ မီးလောင်ပျက်စီးသွားခဲ့သော်လည်း ကင်းလှည့်ရဲများက တွေ့ရှိခဲ့ပြီးနောက် မီးငြိမ်းသတ်မှုများကို ချက်ချင်းလုပ်ဆောင်ခဲ့ကြောင်းသိရသည်။သို့သော်လည်း ယင်းမီးရှို့မှုကို မည်သူကလုပ်ဆောင်ခဲ့သည်ဆိုသည်ကို လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရှိရသေးသလို တာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်နေပြီဖြစ်ကြောင်းလည်းသိရသည်။ရဲတပ်ဖွဲ့က”ရာဇဝတ်ကောင်တွေက မိုဟာမက်ယူနွတ်စ်ပိုင်တဲ့နေအိမ်တစ်ခုရဲ့ ရှေ့ဘက်ခြမ်းကို မီးရှို့ဖျက်ဆီးသွားကြတာပါ။အဲဒီနေရာက ပစ္စည်းသိုလှောင်ခန်းအဖြစ်သုံးတဲ့နေရာပါ။”ဟုပြောဆိုခဲ့သည်။မိုဟာမက်ယူနွတ်စ်သည် ရှိတ်ဟာစီနာ၏ အာဝါမီလိဂ်ပါတီထောက်ခံသူများထံမှ ရန်လိုမှုများကို ရင်ဆိုင်ခဲ့ရပြီးနောက် ယခုကဲ့သို့မီးရှို့ဖျက်ဆီးမှုများဖြစ်ပွားလာခြင်းလည်းဖြစ်သည်။ထို့ပြင် ရှိတ်ဟာစီနာက ဘင်္ဂလားဒေ့ရှ်သို့ပြန်လာရန်စီစဉ်ထားသည်ဆိုသည့် သတင်းများနှင့်အတူ ပြီးခဲ့သည့်သီတင်းပတ်များအတွင်း ဒါကာမြို့နှင့် နိုင်ငံတစ်ဝန်းရှိ အခြားနေရာများတွင် လက်လုပ်ဗုံးများပေါက်ကွဲခြင်းအပြင် လမ်းပိတ်ဆို့မှုများလည်းဖြစ်ပွားခဲ့ကြောင်းသိရသည်။ယခုသီတင်းပတ်အစောပိုင်းကလည်း Gopalganj မြို့တွင် ဆန္ဒပြသူများက ရဲစခန်းတစ်ခုနှင့် လွှတ်တော်အမတ်တစ်ဦး၏နေအိမ်ကို မီးရှို့ဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ကြကြောင်းသိရသည်။