NP News

လှည်းကူးတွင် ငွေကျပ် (၁ ဒသမ ၅) ဘီလျံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းမိ

ထိုက်စံ(NP News)-နိုဝင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်တွင် ငွေကျပ် (၁ ဒသမ ၅) ဘီလျံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့်(နိုဝင်ဘာ ၁၇ ရက်)၊နေ့လည်(၁၁)နာရီ (၁၅)မိနစ်ခန့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ လှည်းကူးမြို့နယ်၊ မင်းလွင်ကုန်းကျေးရွာနေ မင်းထက်အောင်(ခ)ကိုထက် ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ ဒေသကာလတန်ဖိုးငွေကျပ် (၁ ဒသမ ၅) ဘီလျံရှိ စိတ်ကြွဆေးပြား (၁,၀၀၀,၀၀၀) ပြားနှင့် လက်ကိုင်ဖုန်း (၁) လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါမူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူများဖြစ်သည့် သီဟအောင်(ခ)သီဟ၊ ရဲထိုက်အောင်(ခ)ရဲထိုက်၊ ခန့်မင်း(ခ)အကြီးကောင် နှင့် ဇော်မျိုးတို့အား လှည်းကူးမြို့နယ်၊ မင်းလွင်ကုန်းကျေးရွာအနီးတွင် BMW အမျိုးအစား မော်တော်ယာဉ် (၁) စီးနှင့် လက်ကိုင်ဖုန်း (၅) လုံးတို့အား လည်းကောင်း၊ သန်းကိုကိုအား လှည်းကူးမြို့နယ်၊ ကျွန်းကလေးကျေးရွာအနီးတွင် လက်ကိုင်ဖုန်း (၂) လုံးနှင့် လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိသည့် အသက်(၄၃)နှစ်အရွယ် မင်းထက်အောင်(ခ)ကိုထက်၊ အသက်(၄၇)နှစ်အရွယ် သီဟအောင်(ခ)သီဟ၊ အသက်(၅၂)နှစ်အရွယ် ရဲထိုက်အောင်(ခ)ရဲထိုက်၊ အသက်(၂၃)နှစ်အရွယ် ခန့်မင်း(ခ)အကြီးကောင်၊ အသက်(၄၀)နှစ်အရွယ် ဇော်မျိုး နှင့် အသက်(၃၂)နှစ်အရွယ် သန်းကိုကိုတို့အား လှည်းကူးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့်(နိုဝင်ဘာ ၁၈ ရက်)က ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် ငွေကျပ်တန်ဖိုး(၁,၅၈၄) သိန်းရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — NP News