
Grand Theft Auto 6 (GTA 6) ဗီဒီယိုဂိမ်းဟာ စတင်ဖြန့်ချိတဲ့ ပထမဆုံးတစ်ရက်တည်းမှာတင် လက်လီရောင်းအား အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံ (ပေါင် ၂ ဒသမ ၉ ဘီလီယံ) အထိ စံချိန်တင်ရရှိခဲ့ပြီး ဖျော်ဖြေရေးသမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ဖြန့်ချိမှု ဖြစ်လာခဲ့ပါတယ်။ Rockstar Games ရဲ့ မိခင်ကုမ္ပဏီ Take-Two ရဲ့ ထုတ်ပြန်ချက်အရ အဲဒီဂိမ်းကို ကြိုတင်မှာယူမှုပေါင်း ၃၂ ဒသမ ၅ သန်း ရှိခဲ့ပြီး ဒီနှစ်ရဲ့ ဝင်ငွေအကောင်းဆုံးရုပ်ရှင် Spider-Man: Brand New Day ရဲ့ ရုံတင်သက်တမ်းတစ်လျှောက် ရရှိခဲ့တဲ့ ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံထက်တောင် ကျော်လွန်သွားခဲ့ပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ ၁၃ နှစ်က ၅ ရက်အတွင်း ဒေါ်လာ ၁ ဒသမ ၁၅ ဘီလီယံ ရရှိခဲ့တဲ့ GTA V ရဲ့ စံချိန်ကိုလည်း အပြတ်အသတ် ချိုးဖျက်နိုင်ခဲ့ပါတယ်။

နိုဝင်ဘာ ၁၉ ရက်နေ့မှာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ စတင်ဖြန့်ချိခဲ့တဲ့ အဲဒီဂိမ်းကြောင့် အင်တာနက်အသုံးပြုမှုတွေလည်း အဆမတန် မြင့်တက်ခဲ့ပါတယ်။ ဂိမ်းဖိုင်အရွယ်အစား 212GB ကို အပြိုင်အဆိုင် ဒေါင်းလုဒ်ဆွဲကြတဲ့အတွက် ဗြိတိန်မှာ PS5 ဒေါင်းလုဒ်နှုန်းဟာ ပုံမှန်ထက် ၈ ဒသမ ၆ ဆအထိ မြင့်တက်ခဲ့ပြီး နယူးဇီလန်မှာတော့ ဂိမ်းကို ကြိုတင်ကစားလိုသူတွေ ဒေသပြောင်းလဲအသုံးပြုကြတာကြောင့် ပုံမှန်ထက် ၁၄ ဒသမ ၈ ဆအထိ ထိုးတက်သွားခဲ့ပါတယ်။ သုတေသနကုမ္ပဏီ Sensor Tower ရဲ့ ခန့်မှန်းချက်အရ ဂိမ်းရောင်းအားရဲ့ လေးပုံသုံးပုံခန့်ဟာ PlayStation 5 မှာ ဖြစ်ပြီး ကျန်တာတွေကတော့ Xbox မှာ ရောင်းချခဲ့ရတာ ဖြစ်ပါတယ်။

ဖန်တီးမှုကုန်ကျစရိတ် ဒေါ်လာ ၁ ဘီလီယံကျော် ရှိမယ်လို့ ခန့်မှန်းရတဲ့ GTA 6 ဟာ ဖလော်ရီဒါပြည်နယ်ကို အခြေခံထားတဲ့ Leonida မှာ ရာဇဝတ်သားစုံတွဲ Lucia နဲ့ Jason တို့ရဲ့ ဇာတ်လမ်းကို ပုံဖော်ထားတာ ဖြစ်ပါတယ်။ Rockstar အနေနဲ့ PC ဗားရှင်းနဲ့ Multiplayer ဗားရှင်းတွေ ထွက်ရှိမယ့်ရက်ကို မကြေညာရသေးတာကြောင့် လာမယ့်နှစ်တွေမှာ ဝင်ငွေပိုမိုရရှိဦးမယ်လို့ မျှော်လင့်ထားကြပါတယ်။ တစ်ဖက်မှာတော့ ဂိမ်းထဲက အကြမ်းဖက်ပြကွက်တွေကြောင့် ဂျပန်မှာ ဆင်ဆာဖြတ်တောက်ခံခဲ့ရသလို တရုတ်ပြည်မကြီးမှာလည်း ရောင်းချခွင့်မရခဲ့ဘဲ အမေရိကန်ရဲတပ်ဖွဲ့တွေကလည်း ဂိမ်းထဲကအတိုင်း လက်တွေ့ဘဝမှာ ဥပဒေမချိုးဖောက်ကြဖို့ ပရိသတ်တွေကို သတိပေးထားပါတယ်။
Ref : bbc