
သန့်ဇင် (NP News) - နိုဝင်ဘာ ၂၁
အွန်လိုင်းလိမ်လည်မှုများကို တိုက်ဖျက်ရန် သံသယဖြစ်ဖွယ် ငွေလွှဲမှုတားဆီးရေးနှင့် နည်းပညာဆိုင်ရာ စုံစမ်းစစ်ဆေးရေးတို့ကို အချိန်နှင့်တစ်ပြေးညီဆောင်ရွက်ရမည်ဖြစ်ကြောင်း အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးကိုကိုဦးက ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက ယမန်နေ့(နိုဝင်ဘာ ၂၀ ရက်) မွန်းလွဲ (၂) နာရီက နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပသည့် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးကြီးကြပ်မှုဗဟိုကော်မတီ အစည်းအဝေး (၁/၂၀၂၆)တွင် အထက်ပါကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အွန်လိုင်းလိမ်လည်မှုသည် ငွေကြေးခဝါချမှု၊ လူကုန်ကူးမှုနှင့် တရားမဝင်လောင်းကစားမှုတို့ ဆက်နွယ်နေသည့် နိုင်ငံဖြတ်ကျော်မှု ခင်းဖြစ်သဖြင့် ပြည်တွင်းဌာနပေါင်းစုံနှင့် နိုင်ငံတကာတို့ ပူးပေါင်းတိုက်ဖျက်ရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ဦးစားပေးလုပ်ငန်းများမှာ ငွေကြေး စီးဆင်းမှု ဖြတ်တောက်ခြင်း၊ ဆက်စပ်ပိုင်ဆိုင်မှု သိမ်းဆည်းခြင်း၊ အခြေခံအဆောက်အအုံများ ဖြိုခွင်းခြင်း၊ အဓိကကြိုးကိုင်သူများကို အရေးယူခြင်းနှင့် ဒီဂျစ်တယ်သက်သေခံပစ္စည်းများ စနစ်တကျ ထိန်းသိမ်းခြင်းတို့ဖြစ် ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
ပြစ်မှုကျူးလွန်သူများနှင့် လူကုန်ကူးခံရသူ၊ အတင်းအဓမ္မခိုင်းစေခံရသူများကို သီးခြားခွဲခြားစိစစ်၍ အရေးယူရေးနှင့် နစ်နာသူကယ်ဆယ် ကာကွယ်ရေးတို့ကို ဟန်ချက်ညီဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ဖွဲ့စည်းပြီးကော်မတီများနှင့် Anti-Scam Centre တို့၏ချိတ်ဆက်မှုကို အားကောင်းစေပြီး သတင်းဖလှယ်မှု၊ သံသယဖြစ်ဖွယ် ငွေလွှဲမှုတား ဆီး ရေးနှင့် နည်းပညာဆိုင်ရာ စုံစမ်းစစ်ဆေးရေးတို့ကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း ပြည်ထောင်စု ဝန်ကြီးက ပြောကြားခဲ့သည်။
အောင်မြင်မှုကို ဖမ်းဆီးရမိသူအရေအတွက်ထက် ရာဇဝတ်ကွန်ရက် ဖြိုခွင်းနိုင်မှု၊ ငွေကြေးအကျိုးအမြတ်ဖြတ်တောက်နိုင်မှု၊ နစ်နာသူ ကယ်ဆယ်နိုင်မှုနှင့် ပြည်သူ့ဆုံးရှုံးမှု လျှော့ချနိုင်မှုတို့ဖြင့် တိုင်းတာ၍ လုပ်ငန်းများ ပြန်လည်အခြေချနိုင်ခြင်းမရှိစေရန် ရေရှည်စောင့် ကြည့်ကာကွယ်ရမည်ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။