NP News

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်ထောင်တစ်ခုက အကျဉ်းသားတစ်ဦးကို ဆေးထိုးကွပ်မျက်ရာမှာ အမှားအယွင်းတွေရှိခဲ့တယ်လို့ စွပ်စွဲခံထားရ

Pika (NP News) - နိုဝင်ဘာ ၂၁

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်က အကျဉ်းထောင်တစ်ခုဟာ အသက်(၇၀)နှစ်အရွယ် အကျဉ်းသားတစ်ဦးကို ဆေးထိုးကွပ်မျက်ရာမှာ စနစ်တကျဆောင်ရွက်နိုင်ခဲ့တာမျိုးမရှိခဲ့ဘဲ အမှားအယွင်းတွေဖြစ်ပေါ်ခဲ့တယ်လို့ စွပ်စွဲပြောဆိုခံထားရပါတယ်။
အဲဒီဆေးထိုးကွပ်မျက်မှုအတွင်း အကျဉ်းသားက နာကျင်မှုကြောင့် အော်ဟစ်ငိုယိုနေခဲ့ပြီး အသက်ကိုသိမ်းယူသွားဖို့ ဘုရားသခင်ကိုတောင် တောင်းဆိုခဲ့တယ်လို့ မျက်မြင်သက်သေတစ်ဦးက ပြောကြားခဲ့ပါတယ်။

ရီနယ်ဒိုဒန်းနက်စ်လို့ခေါ်တဲ့ အမျိုးသားဟာ (၁၉၉၆)ခုနှစ်က ဟူစတန်မြို့မှာ စိန်ကုန်သည်တစ်ဦးကို သတ်ဖြတ်ခဲ့မှုအတွက် ကွပ်မျက်ခံခဲ့ရတာလည်းဖြစ်ပါတယ်။
ဒါ့ပြင် အဲဒီကွပ်မျက်မှုက လုံးဝအမှားအယွင်းဖြစ်ခဲ့တာသေချာတယ်လို့ ကွပ်မျက်တဲ့ဖြစ်စဉ်ကို ကိုယ်တိုင်မျက်မြင်ကြည့်ရှုခဲ့တဲ့ ဘာသာရေးအကြံပေးပုဂ္ဂိုလ် ရီဗားအန့်ဂျက်ဖ်ဟွဒ်က ပြောကြားခဲ့ပါတယ်။

ရီနယ်ဒိုဒန်းနက်စ်ကို ကုတင်ပေါ်မှာချည်နှောင်ထားချိန်ကနေစတင်ပြီး ဆေးထိုးကွပ်မျက်ပြီးတဲ့အချိန်အထိ လုပ်ငန်းစဉ်တစ်ခုလုံးက (၆၃)မိနစ်ကြာမြင့်ခဲ့ပြီး အကျဉ်းထောင်ဝန်ထမ်းတွေက သေစေနိုင်တဲ့ဆေးဝါးထိုးသွင်းဖို့ သင့်လျော်တဲ့သွေးကြောတွေကို ရှာဖွေရာမှာ အခက်အခဲတွေရှိခဲ့တယ်လို့ သိရပါတယ်။
နောက်ဆုံးမှာတော့ ရီနယ်ဒိုဒန်းနက်စ်ရဲ့ဘယ်ဖက်ခြေထောက်နဲ့လည်ပင်းဘယ်ဖက်ခြမ်းတို့မှာ ဆေးသွင်းပိုက်တွေကို ထိုးသွင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဆေးထိုးမှုစတင်ပြီးမကြာခင်မှာပဲ ရီနယ်ဒိုဒန်းနက်စ်ဟာ နာကျင်မှုကြောင့် အော်ဟစ်ခဲ့ပြီး ခြေထောက်နဲ့ပတ်သက်ပြီးတော့ ညည်းညူပြောဆိုနေခဲ့တယ်လို့ နောက်ထပ်မျက်မြင်သက်သေတစ်ဦးကပြောကြားခဲ့ပါတယ်။
ထို့နောက် ဆေးထိုးသွင်းပြီး (၁၆)မိနစ်အကြာမှာ ရီနယ်ဒိုဒန်းနက်စ်က သေဆုံးသွားခဲ့တယ်လို့ တက္ကဆက်ပြည်နယ် ရာဇဝတ်မှုဆိုင်ရာတရားစီရင်ရေးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ရီဗားအန့်ဂျက်ဖ်ဟွဒ်က "ပုံမှန်အားဖြင့်ဆိုရင်တော့ ချက်ချင်းသတိလစ်သွားရမှာပါ။ အခုဖြစ်ခဲ့တာ အားလုံးက အမှားအယွင်းဖြစ်ခဲ့တယ်ဆိုတာ လုံးဝသေချာပါတယ်” လို့ ပြောခဲ့ပါတယ်။

မူရင်းသတင်း — NP News