NP News

ICJ က ဆုံးဖြတ်ချက်ချလိုက်တဲ့ မြန်မာအရေးနဲ့ပတ်သက်ပြီး ဘက်စုံဖြေရှင်းနည်းလမ်းတစ်ရပ်လိုအပ်တယ်လို့ တရုတ်အစိုးရပြော

Pika (NP News) - နိုဝင်ဘာ ၂၁

(၂၀၁၇)ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ဘင်္ဂါလီအရေးကိစ္စမှာ မြန်မာနိုင်ငံက လူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်ခဲ့တယ်ဆိုပြီးတော့ နိုင်ငံတကာတရားရုံး (ICJ)က ဆုံးဖြတ်လိုက်ပြီးနောက် ဘင်္ဂါလီကိစ္စနဲ့ပတ်သက်ပြီး ဘက်စုံပါဝင်တဲ့ဖြေရှင်းနည်းလမ်းတစ်ရပ်ကို လိုအပ်တယ်လို့ တရုတ်အစိုးရက ပြောကြားလိုက်ပါတယ်။
ဒါ့ပြင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အခြေအနေကို ပိုမိုရှုပ်ထွေးလာစေမယ့်လုပ်ရပ်တွေကို ရှောင်ကြဉ်ကြဖို့ တရုတ်အစိုးရက တိုက်တွန်းခဲ့တယ်လို့လည်းသိရပါတယ်။
မြန်မာနိုင်ငံအနေနဲ့ထိခိုက်ခဲ့တဲ့အုပ်စုကို လျော်ကြေးငွေပေးဖို့နဲ့ နောက်ထပ်ချိုးဖောက်မှုတွေမဖြစ်စေဖို့အတွက် ကြိုတင်ကာကွယ်မှုတွေလုပ်ဆောင်ဖို့ (ICJ)က ညွှန်ကြားခဲ့ပြီးနောက် တရုတ်အစိုးရဘက်က ဝေဖန်မှုတွေထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။

ဒါ့ပြင် အဲဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ကွေ့ကျားကိုက နိုင်ငံတကာတရားစီရင်ရေးဆိုင်ရာအဖွဲ့အစည်းတွေဟာ နိုင်ငံတကာတရားမျှတမှုနဲ့ တရားဥပဒေစိုးမိုးရေးကို ကာကွယ်စောင့်ရှောက်ရာမှာ အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်နေတယ်လို့လည်း ပြောကြားခဲ့ပါတယ်။
ဒါပေမယ့်လည်း အဲဒီလိုအဖွဲ့အစည်းတွေအနေနဲ့ ၎င်းတို့ရဲ့လုပ်ပိုင်ခွင့်အာဏာကိုကျင့်သုံးရာမှာ အထူးသတိထားဆောင်ရွက်သင့်တယ်လို့လည်း ကွေ့ကျားကိုက တိုက်တွန်းပြောဆိုခဲ့ပါတယ်။

ကွေ့ကျားကို က "တရားစီရင်ပိုင်ခွင့်အာဏာကို ကျော်လွန်ကျင့်သုံးတာနဲ့ ဥပဒေအဓိပ္ပါယ်ဖွင့်ဆိုချက်တွေချဲ့ကားလွန်းတာတွေအပေါ် တရုတ်ဘက်က စိုးရိမ်ပူပန်မိပါတယ်။ ဒီလိုမျိုးလုပ်ဆောင်ချက်တွေက အငြင်းပွားမှုတွေကို ဖြေရှင်းရာမှာ အထောက်အကူဖြစ်စေမှာမဟုတ်ပါဘူး” လို့ ပြောခဲ့ပါတယ်။
ပြီးတော့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ အခြေအနေတွေက သမိုင်းကြောင်း၊ လူမျိုးရေးနဲ့ဘာသာရေးဆိုင်ရာ နက်နဲရှုပ်ထွေးတဲ့နောက်ခံအကြောင်းတရားတွေရှိနေတာမလို့ ဘက်စုံပါဝင်တဲ့ဖြေရှင်းနည်းလမ်းတစ်ခုက လိုအပ်တယ်လို့လည်း ကွေ့ကျားကိုက ပြောကြားခဲ့ပါတယ်။
၎င်းက”ဒီကိစ္စက ပိုမိုရှုပ်ထွေးလာတာမျိုးမရှိစေဖို့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဆောင်သင့်ပါတယ်” လို့ ပြောခဲ့ပါတယ်။

မူရင်းသတင်း — NP News