NP News

မလေးရှားရောက် ဘင်္ဂါလီ (၁၀,၀၀၀) ကို တူရကီက ခေါ်ယူအခြေချပေးမည်ဟု မလေးရှား ဒုဝန်ကြီးချုပ်က လူမှုကွန်ရက်တွင် ကြေညာပြီးနောက် ပြန်လည်ဖျက်ပစ်

ALynn (NP News)- နိုဝင်ဘာ ၂၁

တူရကီနိုင်ငံက လုပ်သားအဖြစ် လေ့ကျင့်ပေးရန် မလေးရှားရှိ ဘင်္ဂါလီ (၁၀,၀၀၀) ကို လက်ခံမည့်သဘောတူညီချက် ရရှိထားပြီဟူသော ထုတ်ပြန်ချက်ကို ယမန်နေ့ (နိုဝင်ဘာ ၂၀) ရက် အစောပိုင်းက မလေးရှား ဒုတိယဝန်ကြီးချုပ် အာမက်ဇာဟစ် ဟာမီဒီက ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားကြေညာခဲ့သော်လည်း အဆိုပါအစီအစဉ်မှာ အလုပ်မဖြစ်ပုံရပြီး ယင်းပို့စ်ကို လူမှုကွန်ရက်မှ ပြန်လည်ဖယ်ရှားပစ်ခဲ့ကြောင်း သိရသည်။

ယင်းမတိုင်မီက ဒုတိယဝန်ကြီးချုပ်က ဘင်္ဂါလီရွှေ့ပြောင်းနေထိုင်သူ (၁၀,၀၀၀) ကို တူရကီနိုင်ငံတွင် ပြန်လည်အခြေချပေးရန် မလေးရှားအစိုးရက ကြိုးပမ်းနေကြောင်း ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားကြေညာခဲ့သည်။
အဆိုပါပို့စ်ကို ဖျက်ပစ်လိုက်ကြောင်း သတိပြုမိသည်ဟု တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနက WhatsApp မှတစ်ဆင့် သတင်းထောက်များအား အတည်ပြုပြောကြားခဲ့သည်။

သို့ရာတွင် အဆိုပါပို့စ်ကို အဘယ်ကြောင့် ပြန်လည်ဖယ်ရှားလိုက်သည်ကို ရှင်းလင်းစွာ မသိရသေးသလို အာမက် ဇာဟစ်၏ ရုံးကလည်း မှတ်ချက်ပေးရန် တောင်းဆိုမှုများကို ချက်ချင်းတုံ့ပြန်ခြင်း မရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် မလေးရှားပြည်တွင်း သတင်းမီဒီယာအချို့ကလည်း ယင်းသတင်းကို ပြန်လည်ဖြုတ်ချခဲ့ကြောင်း တွေ့ရသည်။
ဖျက်ပစ်လိုက်ပြီဖြစ်သော အာမက် ဇာဟစ်၏ ဖေ့စ်ဘွတ်ခ်ပို့စ်အရ တူရကီနိုင်ငံသို့ သွားရောက်ခဲ့သည့် တရားဝင်အလုပ်သဘော ခရီးစဉ်အပြီးတွင် မလေးရှားမှ ဘင်္ဂါလီဒုက္ခသည် (၁၀,၀၀၀) ကို စနစ်တကျကျွမ်းကျင်မှုသင်တန်း အစီအစဉ်မှတစ်ဆင့် တူရကီတွင် ပြန်လည်အခြေချပေးမည့် အဆိုပြုချက်ကို အစိုးရအဖွဲ့က သဘောတူညီခဲ့ကြောင်း ဖော်ပြထားသည်။

“မလေးရှားနိုင်ငံမှာ ရောက်နေတဲ့ ဘင်္ဂါလီတွေရဲ့ အခြေအနေကို အစိုးရအနေနဲ့ ပိုပြီးစနစ်တကျ ညှိနှိုင်းဆောင်ရွက်နိုင်ဖို့၊ ပိုထိရောက်ပြီး လူသားချင်းစာနာထောက်ထားမှု ရှိတဲ့ နည်းလမ်းမျိုးနဲ့ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ အဲဒီကြိုးပမ်းမှုရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ အခုလို အဆိုပြုချက်ကို ကျွန်တော် တင်ပြခဲ့တာပါ” ဟု ၎င်းက ရေးသားခဲ့သည်။
အဆိုပါအစီအစဉ်အရ ဘင်္ဂါလီများသည် တူရကီနိုင်ငံရှိ နည်းပညာနှင့် သက်မွေးပညာ သင်တန်းကျောင်း (TVET) အစီအစဉ်ကို သုံးလမှ ခြောက်လအထိ တက်ရောက်ရမည်ဖြစ်ပြီး တူရကီလုပ်ငန်းနယ်ပယ်အသီးသီးရှိ အလုပ်ရှင်များ လိုအပ်နေသည့် အလုပ်နေရာများအတွက် အဓိကထား သင်ကြားပေးရန် ရည်ရွယ်ထားကြောင်း သိရသည်။

မူရင်းသတင်း — NP News