
ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ရန်သူတစ်ဦးဖြစ်ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက နိုဝင်ဘာ ၂၀ ရက်က ထုတ်လွှင့်ခဲ့သည့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ရုရှားသမ္မတပူတင်ကို ၎င်း၏မိတ်ဆွေဟု သုံးနှုန်းပြောဆိုခဲ့ပြီးနောက် ထရန့်၏ ပြောကြားချက်နှင့်ပတ်သက်ပြီး CNN သတင်းဌာန၏ မေးမြန်းချက်ကို ဇယ်လန်းစကီးက ဖြေကြားခဲ့ခြင်းဖြစ်သည်။
"ကျွန်တော်တို့အတွက်တော့ သူ (ပူတင်) ဟာ ရန်သူတစ်ဦးပါ။ ပြီးတော့ ကျွန်တော်တို့အတွက် သူဟာ လူသတ်သမားတစ်ဦးဆိုတာ သေချာပါတယ်။ ကမ္ဘာပေါ်က လူအများစုအတွက်လည်း သူဟာ လူသတ်သမားတစ်ဦးပဲလို့ ကျွန်တော်ထင်ပါတယ်" ဟု ဇယ်လန်စကီးက CNN သတင်းဌာနကို ပြောကြားခဲ့သည်။
ထရန့်နှင့် ပူတင်တို့သည် ၂၀၂၅ ခုနှစ် ဩဂုတ်လနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံ ရှန်ကျန်းမြို့တွင် နိုဝင်ဘာ ၁၈ ရက်က တွေ့ဆုံခဲ့ကြပြီး ယင်းတွေ့ဆုံပွဲ၌ ထရန့်က ပူတင်ကို ၎င်း၏မိတ်ဆွေဟု ခေါ်ဆိုခဲ့သလို ပူတင်ကလည်း အင်္ဂလိပ်ဘာသာဖြင့် တွေ့ရတာ ဝမ်းသာပါတယ်ဟု ပြန်လည်တုံ့ပြန်ပြောဆိုခဲ့သည်။
ထရန့်သည် နိုဝင်ဘာ ၂၀ ရက်က အိမ်ဖြူတော်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲအတွင်း ပူတင်၊ တရုတ်သမ္မတ ရှီကျင်းပင်နှင့် ၎င်း၏ ဆက်ဆံရေးကို ချီးကျူးပြောဆိုခဲ့သည်။
"ကျွန်တော့်မှာ ပူတင်နဲ့ အလွန်ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိပါတယ်။ ဒါဟာ အင်မတန် ကောင်းမွန်တဲ့ ကိစ္စတစ်ခုပါ။ သမ္မတရှီနဲ့လည်း အလွန်ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိပါတယ်။ ဒါဟာ ကောင်းမွန်တဲ့ ကိစ္စဖြစ်ပြီး အဲဒီအတွက်ကြောင့် ကျွန်တော်တို့နိုင်ငံ ဘေးကင်းလုံခြုံနေတာဖြစ်ပါတယ်" ဟု ထရန့်က ပြောကြားခဲ့သည်။
ပူတင်သည် အမေရိကန်နိုင်ငံ၏ မိတ်ဆွေတစ်ဦးဟု ယုံကြည်ပါသလားဟု မေးမြန်းရာတွင် ထရန့်က "အမေရိကန်နိုင်ငံကိုယ်စားတော့ ကျွန်တော် မပြောနိုင်ပါဘူး" ဟု ဖြေကြားခဲ့သော်လည်း ၎င်းတို့ကြား အလွန်ကောင်းမွန်သော ဆက်ဆံရေးသည် မိမိတို့အတွက် ပိုမိုအင်အားရှိစေကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
ရုရှားသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ယူကရိန်းကို အလုံးစုံ ကျူးကျော်စစ် ဆင်နွှဲခဲ့ပြီး ထိုစစ်ပွဲအတွင်း လူပေါင်း သိန်းနှင့်ချီ သေဆုံးခဲ့သည်ဟု ခန့်မှန်းချက်များ ထွက်ပေါ်ခဲ့သည်။
သမ္မတ ဂျိုးဘိုင်ဒင် လက်ထက်တွင် အမေရိကန်သည် ယူကရိန်းကို စစ်ရေးအထောက်အပံ့များ အများဆုံးထောက်ပံ့ပေးခဲ့သော်လည်း ပြီးခဲ့သည့်နှစ် ထရန့် ရာထူးပြန်လည်ရရှိချိန်မှစ၍ ယူကရိန်းအတွက် စစ်ရေးအထောက်အပံ့များကို လျှော့ချဖြတ်တောက်ခဲ့သည်။
Ref: AFP