NP News

ပဲခူးတွင် RBE ရထားကို (၂၂) ဘီးကားမှ ဝင်တိုက်မိရာ (၂) ဦးဒဏ်ရာရ

စိမ့်စမ်းရေ (NP News) - နိုဝင်ဘာ ၂၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်တွင် RBE ရထားကို ဘိလပ်မြေအိတ်များ တင်ဆောင်လာသည့် (၂၂) ဘီးကုန်တင်ယာဉ်က ဝင်တိုက်မိရာမှ အမျိုးသား (၁) ဦးနှင့် အမျိုးသမီး (၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(နိုဝင်ဘာ ၂၀ ရက်)က ပဲခူးမြို့နယ်၊ ရွှေလှေကျေးရွာအုပ်စု၊ ကျောင်းစုကျေးရွာအနီး မြို့ရှောင်လမ်း ရထား သံလမ်းကူးဂိတ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တောင်ငူဘက်မှ ပဲခူးဘက်သို့ မောင်းနှင်လာသည့် အမှတ် (၆၀၂) RBE ခရီးတိုရထားကို ဘုရားကြီးမြို့ဘက်မှ ဘိလပ်မြေအိတ်များ တင်ဆောင်လာသည့် (၂၂) ဘီးယာဉ်က တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်မောင်းနှင့် ယာဉ်ရပ်တန့်ရန် ဝိုင်းဝန်းတားဆီးပေးသည့် ရထားဂိတ်စောင့်၏ မိခင် ဖြစ်သူတို့ ထိခိုက်ဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ယာဉ်တိုက်မှုကြောင့် (၂၂) ဘီးယာဉ်၏ ရှေ့ခေါင်းပိုင်းနှင့် ရထားစက်ခေါင်း၏ ဝဲဘက်ခြမ်းတို့ ပျက်စီးကာ ရထားစက်ခေါင်း၏ ဝဲဘက်လေကာမှန် ကွဲအက်ခြင်းနှင့် လေပိုက်များ ပျက်စီးခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — NP News