
နိုဝင်ဘာ ၂၀ ရက်က ပီရူးနိုင်ငံ၏အလယ်ပိုင်းတွင် မဂ္ဂနီကျု ၆ ဒမသ ၇ အင်အားရှိသော မြေငလျင်လှုပ်သွားခဲ့သည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပြီး ကနဦးရရှိသော သတင်းများအရ အသေးစား ထိခိုက်ပျက်စီးမှုများရှိနေသည်ဆိုသော်လည်း ထိခိုက်သေဆုံးသူမရှိဟု ဆိုသည်။
ငလျင်သည် နိုဝင်ဘာ ၂၀ ရက် ည ၇ နာရီ ၉ မိနစ်တွင် ဂျူနင်မြို့၏အနောက်မြောက်ဘက် ၁၈ မိုင် ( ၃၀ ကီလိုမီတာ) ဝေးသောနေရာ၌ မြေအနက် ၁၂၉ ကီလိုမီတာတွင် လှုပ်သွားခဲ့ခြင်းဖြစ်သည်။
အမေရိကန်ဘူမိလေ့လာရေးဌာန (USGS) က မြေငလျင်ကို တိုင်းတာရာတွင် မဂ္ဂနီကျု ၆ ဒသမ ၇ ရှိသည်ဟု ခန့်မှန်းသော်လည်း မြေအနက် ၁၀၈ ကီလိုမီတာတွင် လှုပ်သွားခြင်းဖြစ်သည်ဟု ခန့်မှန်းခဲ့သည်။
မြေငလျင်လှုပ်ခဲ့ပြီးနောက် ဂျူနင်မြို့၏ နေရာအသီးသီးရှိ နေအိမ်များတွင် အသေးစားထိခိုက်ပျက်စီးမှုများရှိခဲ့သည်ဟု ပီရူးကာကွယ်ရေးဝန်ကြီး ရာဖေးလ်ဘယ်လွန်ဒီက ပြောကြားခဲ့သည်။ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများဖြစ်ပေါ်ခဲ့သဖြင့် အဝေးပြေးကားလမ်းတွင် အခက်အခဲများဖြစ်ပေါ်ခဲ့သည်ဟု ဆိုသည်။
ထိခိုက်ဒဏ်ရာရသူမရှိခဲ့ဟု ဘယ်လွန်ဒီက ပြောကြားခဲ့သည်။ ငလျင်လှုပ်နေချိန်အတွင်း လူရာပေါင်းများစွာသည် မီရာဖလိုရက်စ်ခရိုင်ရှိ အဆောက်အအုံများမှထွက်လာကြသည်ကို လီမာမြို့ရှိ AFP သတင်း ထောက်များက တွေ့ခဲ့သည်ဟု ဆိုသည်။
ငလျင်၏တုန်ခါမှုကို မြို့တော်လီမာ အပါအဝင် အန်းကက်ရှ်၊ အိုင်ကာ၊ ယူကာယာလီ၊ ဆာရိုဒီပါစကို၊ ဟွမ်ကို၊ ကယ်လာအိုတို့က ခံစားခဲ့ကြရသည်ဟု ဆိုသည်။
မြေငလျင်သည် အင်အားအသင့်အတင့်မှ အင်အားပြင်းထန်သည့်အနေအထားမျိုးဖြစ်ခဲ့သည်ဟု ပီရူး အမျိုးသားအရေးပေါ်စစ်ဆင်ရေးစင်တာ (COEN) က ထုတ်ပြန်ခဲ့ပြီး ထိခိုက်လွယ်သောနေရာများတွင် စောင့်ကြည့်မှုများကို ဆက်လက်လုပ်ဆောင်နေသည်ဟု ဆိုသည်။
ပီရူးနိုင်ငံသည် ငလျင်လှုပ်မှုအများအပြားဖြစ်ပေါ်သော ပစိဖိတ်မီးတောင်ရပ်ဝန်းတွင် တည်ရှိသည့်နိုင်ငံဖြစ်သည်။ ထို့ကြောင့် ပီရူးသည် တစ်နှစ်လျင် အနည်းဆုံး ငလျင် အကြိမ် ၄၀၀ လှုပ်လေ့ရှိသည်ဆိုသော်လည်း ယင်းငလျင်များထဲက လေးပုံ သုံးပုံမှာ အားနည်းလွန်းသောငလျင်များဖြစ်သောကြောင့် လူတို့က သတိမထားမိပေ။
Ref:AFP