Myanmar Transparency News

မန္တလေးတိုင်းဒေသကြီးအဆင့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲများ(အ​ခြေခံပညာအဆင့်) ဒီဇင်ဘာပထမအပတ်တွင် ကျင်းပမည်

MT News
၂၂. ၁၁. ၂၀၂၆

အနာဂတ်မျိုးဆက်သစ်လူငယ်များ၏ အာကာသသိပ္ပံနှင့်နည်းပညာအပေါ် စိတ်ဝင်စားမှုမြှင့်တင်ပေးနိုင်ရေးနှင့် အနုပညာဖန်တီးမှုများမှတစ်ဆင့် စိတ်ကူးဥာဏ်ပညာများထုတ်ဖော်ပြသနိုင်ရေးတို့အတွက် ရည်ရွယ်ကာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြန်မာအာကာသအေဂျင်စီနှင့် မန္တလေးတိုင်းဒေသကြီးပညာရေးမှူးရုံးတို့ ကြီးမှူးကာ တိုင်းဒေသကြီး အဆင့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲများ(အခြေခံပညာအဆင့်)ကို မန္တလေးမြို့၊ ရတနာပုံခန်းမ၌ ဒီဇင်ဘာ ၅ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲများကို ဒီဇင်ဘာ ၅ ရက်နေ့နံနက်ပိုင်းတွင် အ​ခြေခံပညာ မူလတန်းအဆင့်မှ “အာကာသအိမ်မက်”ခေါင်းစဥ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့်မှ “လူသားနှင့်အနာဂတ်အာကာသ”ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မွန်းလွဲပိုင်းတွင် အထက်တန်းအဆင့်မှ “အသုံးချလေ့လာ အာကာသနည်းပညာ” ခေါင်းစဥ်များဖြင့် ကျောင်းသား၊ ကျောင်းသူများမှ ပါဝင်ယှဥ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိသူများအား ဒီဇင်ဘာ ၆ ရက်နေ့တွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပြီး အ​ခြေခံပညာ မူလတန်းအဆင့်တွင် ပထမဆု ကျပ်ငါးသိန်း၊ ဒုတိယဆု ကျပ်လေးသိန်း၊ တတိယဆု ကျပ်သုံးသိန်း၊ အထူးဆု ၁၀ ဆုအတွက် တစ်ဆုလျှင် ကျပ်နှစ်သိန်းစီဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့်တွင် ပထမဆု ကျပ်ခုနှစ်သိန်း၊ ဒုတိယဆု ကျပ်ခြောက်သိန်း၊ တတိယဆု ကျပ်ငါးသိန်း၊ အထူးဆု ၁၀ ဆုအတွက် တစ်ဆုလျှင် ကျပ်သုံးသိန်းစီဖြင့်လည်းကောင်း၊ အထက်တန်းအဆင့်တွင် ပထမဆု ကျပ်တစ်ဆယ်သိန်း၊ ဒုတိယဆု ကျပ်ကိုးသိန်း၊ တတိယဆု ကျပ်ရှစ်သိန်း၊ အထူးဆု ၁၀ ဆုအတွက် တစ်ဆုလျှင် ကျပ်ငါးသိန်းကျပ် ချီးမြှင့်မည် ဖြစ်ကြောင်း သိရသည်။

အာကာသဆိုင်ရာနည်းပညာများနှင့် ပတ်သက်သည့် တင်ဆက်မှုများနှင့် ပြခန်းများအား ဒီဇင်ဘာ ၅ ရက်နေ့မှ ဒီဇင်ဘာ ၇ ရက်နေ့အထိ မန္တလေးမြို့၊ ရတနာပုံခန်းမ၌ ခင်းကျင်းပြသထားမည်ဖြစ်ပြီး ကျောင်းသားလူငယ်များနှင့် အနယ်နယ်အရပ်ရပ်မှ အများပြည်သူများ ဝင်ရောက်လေ့လာကြည့်ရှုနိုင်ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News