
သုတ (မကွေး)- နိုဝင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး ၊ မကွေးမြို့ပေါ်ရှိ မကွေးတက္ကသိုလ်တွင် ၁၉၆၄ ခုနှစ်မှ ၁၉၉၄ နှစ်အတွင်းပညာသင်ကြားခဲ့ကြသည့် ကျောင်းသား၊ကျောင်းသူများရဲ့ မြတ်ဆရာကန်တော့ပွဲကို နိုဝင်ဘာ (၂၂) ရက်နေ့ နံနက်ပိုင်းက မကွေးတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည် ။
အဆိုပါ မကွေးတက္ကသိုလ်မြတ်ဆရာကန်တော့ပွဲကို (၅) ကြိမ်မြောက်ပြုလုပ်ကျင်းပခြင်းဖြစ်ပြီး တပည့်ဟောင်းများက ဆရာများကို ဂါရဝပြုကန်တော့ခြင်းအပြင် ဝေးကွာနေကြသည့်သူငယ်ချင်းများ ပြန်လည်ဆုံတွေ့ကြသည့်ပွဲလည်းဖြစ်ကြောင်း သိရသည် ။
မကွေးဒီဂရီကောလိပ်ကို ၁၉၅၅ ခုနှစ်တွင် မကွေးဥပစာကောလိပ်အဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၆၇ ခုနှစ်တွင် မကွေးကောလိပ်အဖြစ်အမည်ပြောင်းလဲခဲ့သည် ။
အဲ့ဒီနောက် ၁၉၈၂ ခုနှစ်တွင် မကွေးဒီဂရီကောလိပ်အဖြစ်နှင့် ၁၉၉၄ ခုနှစ်တွင် မကွေးတက္ကသိုလ်အဖြစ်သို့ အဆင့်မြင့်တင်ခဲ့ခြင်းဖြစ်ပြီး မကွေးတက္ကသိုလ်မှာ နှစ်ပေါင်း (၇၀) ကျော်ကြာ ကောင်းမွန်သည့် အတိတ်သမိုင်းများကို ရေထိုးထားနိုင်ခဲ့သည့်တက္ကသိုလ်တစ်ခုဖြစ်ကြောင်းသိရသည် ။