NP News

အင်အားကြီးနိုင်ငံများ၏ ခြယ်လှယ်မှုကို လက်မခံဟု ဥရောပခေါင်းဆောင်များကြေညာ

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၂
တရုတ်နိုင်ငံ ရှန်ကျန်းမြို့တွင် အမေရိကန် သမ္မတဒေါ်နယ်ထရမ့်၊ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တရုတ် သမ္မတ ရှီကျင့်ဖျင်တို့ သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးပြီး နာရီပိုင်းအကြာ၌ ဥရောပနှင့် မဟာမိတ် နိုင်ငံပေါင်း (၃၀)ကျော်မှ ထိပ်သီးခေါင်းဆောင်များသည် ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် နိုဝင်ဘာလ (၁၉) ရက်နေ့က အရေးပေါ် ထိပ်သီး အစည်း အဝေးကျင်းပကာ ဥရောပ၏ကံကြမ္မာကို အင်အားကြီးနိုင်ငံများက စိတ်ကြိုက်ခွဲဝေဆုံးဖြတ်မည့် မည်သည့်အစီအစဉ် ကိုမဆို လုံးဝလက်ခံမည်မဟုတ်ကြောင်း သတိပေး လိုက်သည်ဟုသိရသည်။
ဂျာမနီဝန်ကြီးချုပ် ဖရိုင်းဒရစ်မာ့ဇ် အိမ်ရှင်အဖြစ်လက်ခံကျင်းပပြီး ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်နှင့် ဗြိတိန်ဝန်ကြီးချုပ်အန်ဒီဘန်ဟမ်တို့ ပူးတွဲ သဘာပတိအဖြစ်ဆောင်ရွက်သည့် အဆိုပါ “Coalition of the Willing” အစည်းအဝေးသို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီး၊ နေတိုး(NATO) အထွေထွေအတွင်းရေးမှူးချုပ် မာ့ခ်ရူတေး နှင့် ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာဗွန်ဒါလေယန်တို့ အပါအဝင် မဟာမိတ်ခေါင်းဆောင်များတက် ရောက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် အမေရိကန်သမ္မတ၏ အထူးကိုယ် စားလှယ်များဖြစ်ကြသည့် စတိဗ်ဝစ်ကော့ဖ်နှင့် ဂျာရက်ကူရှ်နာ တို့လည်း ကိုယ်တိုင်တက်ရောက်ခဲ့ကြကာ သမ္မတ ဒေါ်နယ်ထရမ့်ကိုယ်တိုင် ရှန်ကျန်းမှ အပြန် ခရီးစဉ်လေယာဉ်ပေါ်မှ တစ်ဆင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြောင်းသိရသည်။
(၁၉၄၅)ခုနှစ် ယော်လ်တာ(Yalta) ညီ လာခံကဲ့သို့ အင်အားကြီးနိုင်ငံများက စားပွဲဝိုင်းပေါ် တွင် ဥရောပ၏ နယ်မြေနှင့်လုံခြုံရေးကို ခွဲဝေဆုံး ဖြတ်မည့်သဘောတူညီချက်မျိုးကို ဥရောပက မည်သည့်အခါမျှလက်ခံမည်မဟုတ် ကြောင်း ဂျာမနီဝန် ကြီးချုပ် ဖရိုင်းဒရစ်မာ့ဇ်က အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြတ်သားစွာပြောဆိုခဲ့ ကြောင်းသိရသည်။
“ဥရောပရဲ့အနာဂတ်ကို ဥရောပသားတွေ မပါဘဲ ဆုံးဖြတ်လို့မရပါဘူး။ ယူကရိန်းရဲ့အနာဂတ်ကိုလည်း ယူကရိန်းပြည်သူတွေမပါဘဲ ဆုံးဖြတ်ခွင့် မရှိပါဘူး”ဟု ဝန်ကြီးချုပ်မာ့ဇ်ကဆိုသည်။ ပြင်သစ်သမ္မတ မက်ခရွန်ကလည်း ဥရောပသည် နိုင်ငံတကာ ဆွေးနွေးပွဲစားပွဲဝိုင်းပေါ်မှ ဟင်းလျာတစ်ခွက်မဟုတ်ဘဲ ကိုယ်ပိုင်ကံကြမ္မာကို ကိုယ်တိုင် ဖန်တီးမည့် မဟာဗျူဟာမြောက်အင်အားစုဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။ လာမည့် ငြိမ်းချမ်းရေး လုပ်ငန်း စဉ်များတွင် ဥရောပ၏အခန်းကဏ္ဍကို ခိုင်မာစေရန်အတွက် ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီနှင့်ပိုလန်(E5 အဖွဲ့)အပြင် ဥရောပသမဂ္ဂ(EU)ခေါင်းဆောင်များပါဝင်သော ဥရောပကိုယ်စားလှယ်အဖွဲ့ကို ဖွဲ့စည်းထားပြီး ဖြစ်သည်။
ယူကရိန်းလုံခြုံရေးနှင့်ပတ်သက်သည့် မည်သည့်ညှိနှိုင်းမှုတွင်မဆို အမေရိကန်၊ ရုရှား၊ ယူကရိန်းတို့နှင့်အတူ ဥရောပကိုယ်စားလှယ်အဖွဲ့ တိုက်ရိုက်ပါဝင်ခွင့်ရရှိရမည်ဖြစ်ကြောင်း ခေါင်းဆောင်များက သဘောတူညီခဲ့ကြသည်။ ဂျာမနီ၊ ပြင်သစ်၊ ဗြိတိန် နှင့်ယူကရိန်း ခေါင်းဆောင်လေးဦးတို့၏ ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ရာ ရုရှားတပ်ဖွဲ့များ အနေဖြင့် ယူကရိန်း၏ လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် အရပ်ဘက်အခြေခံအဆောက်အအုံများအပေါ် ဒုံးကျည်နှင့် ဒရုန်းများဖြင့်တိုက်ခိုက်နေမှုကို ချက်ချင်းရပ်တန့်ပြီး ဆောင်းရာသီတစ်လျှောက်လုံး စွမ်းအင်ဆိုင်ရာ အပစ် အခတ် ရပ်စဲရေး(Winter Energy Truce) ပြုလုပ် ရန်တောင်းဆိုသည်။
ထို့ပြင် ပဉ္စမမြောက် ဆောင်းရာသီစစ်ပွဲ ဒဏ်ကိုကြံ့ကြံ့ခံနိုင်ရန် ယူကရိန်းအတွက် Patriot နှင့် IRIS-T လေ ကြောင်းရန်ကာကွယ်ရေးစနစ်များ၊ တာဝေးပစ်ဒရုန်းများနှင့် အရေးပေါ် ဘဏ္ဍာရေးအကူ အညီများ ထပ်မံပေးအပ် ရန်တောင်းဆိုခဲ့သည်။ငြိမ်း ချမ်းရေးသဘောတူညီချက်ရရှိပြီးနောက်ပိုင်းတွင် ရု ရှား၏ကျူးကျော်မှု ထပ်မံမဖြစ်ပွားစေရန် နေတိုးအဖွဲ့ ၏အကာအကွယ်ပေးမှုပုံစံနှင့်အလားတူသော ခိုင်မာသည့် လုံခြုံရေးအာမခံချက်များ ပေးအပ်သွားမည်ဖြစ် ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ရုရှားက ကျူးကျော်စစ်ကိုအဆုံးသတ်ပြီး စစ်လျော်ကြေးပေးအပ်ခြင်းမရှိသရွေ့ ဥရောပအတွင်း ထိန်းချုပ် ထားသော ရုရှားဗဟိုဘဏ် ပိုင်ဆိုင်မှုများကို ဆက်လက်ပိတ်ဆို့ထားရန် ဥရောပခေါင်းဆောင်များက တောင်းဆိုခဲ့သည်။ ယခု ဘာလင် ထိပ်သီးအစည်း အဝေးသည် အမေရိကန်၊ ရုရှားနှင့် တရုတ်တို့၏ သုံး ပွင့်ဆိုင်ညှိနှိုင်းမှုများအပေါ် ဥရောပမဟာမိတ်များဘက်မှ စုစည်းညီညွတ်စွာတုံ့ပြန်လိုက်သည့် အရေးပါဆုံး နိုင်ငံရေးနှင့်လုံခြုံရေး ဆိုင်ရာခြေလှမ်း တစ်ရပ်အဖြစ် သုံးသပ်မှုများရှိနေသည်။

မူရင်းသတင်း — NP News