
အနုပညာသတင်းများကို စိတ်ဝင်တစားစောင့်မျှော်ဖတ်ရှုသူတို့အတွက် NP News ရဲ့အပတ်စဉ်အနုပညာကဏ္ဍကနေ “MYANMAR DIGITAL MUSIC AWARDS (DMA) 2026 ၊ ဇမ်ဘီယာ ကြက်တောင်ပြိုင်ပွဲမှာ သက်ထားသူဇာ ချန်ပီယံ ဆုရရှိ” အစရှိတဲ့ အနုပညာဆက်စပ်သတင်းတွေကို ဒီတစ်ပတ်အတွက် ဖော်ပြပေးသွားပါမယ်။
အိဖြူ (NP News) - နိုဝင်ဘာ ၂၂
ဂီတလောကသားတို့အတွက် အခွင့်အလမ်းသစ်တစ်ခု ပေါ်ပေါက်လာ
မြန်မာနိုင်ငံရဲ့ဂီတဆုပေးပွဲကြီးတစ်ခုဖြစ်လာမယ့် MYANMAR DIGITAL MUSIC AWARDS (DMA) 2026 ဂီတဆု ပေးပွဲ မိတ်ဆက်ခြင်းအခမ်းအနားနဲ့ ဆန်ခါတင်စာရင်းဝင် (Nomination စာရင်းဝင် ဂီတအနုပညာရှင်တွေအတွက် ဆုချီး မြှင့်ခြင်းအခမ်းအနားကို (၂၀၂၆)ခုနှစ် နိုဝင်ဘာလ (၁၇)ရက်နေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ ဝဇီရာ ဂုဏ်ပြုခံကဇာတ်ရုံမှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
အဲဒီအခမ်းအနားကို ဂီတနယ်ပယ်အသီးသီးက တေးသီချင်းဖန်တီးသူတွေ၊ ဂီတအနုပညာရှင်တွေ၊ အတတ် ပညာရှင်တွေနဲ့ဖိတ်ကြားထားတဲ့ဧည့်သည်တော်တွေတက်ရောက်ခဲ့ကြပြီး DMA 2026 ဂီတဆုပေးပွဲအကြောင်း မိတ် ဆက်ရှင်းလင်းခြင်းနဲ့ ဆန်ခါတင် Nomination Awards ရရှိခဲ့ကြတဲ့ဂီတအနုပညာရှင်တွေကို ဂုဏ်ပြုဆုများပေးအပ်ချီး မြှင့်ခဲ့ကြပါတယ်။ Nomination Awards ရရှိခဲ့ကြတဲ့ ဂီတအနုပညာရှင်တွေမှာ တေးရေး/ တေးဆို သရုပ်ဆောင် အောင်မြင့်မြတ်က People's Choice Collaboration of the Year ဆုအပါအဝင် (၅)ဆု ဆန်ခါတင်(Nomination) စာရင်းဝင်ထားပြီး၊ အဆိုတော် Double J ကလည်း DMA 2026 ဆု ပေးပွဲမှာ ဆုအမျိုးအစားစုစုပေါင်း (၈)ဆုအထိ ဆန်ခါတင်စာရင်း(Nominated) ဝင်ရောက်ထားပါတယ်။ ဆန်ခါတင်စာရင်းထဲမှာ ရဲလေး၊ အဆိုတော်ဖြိုးပြည့်စုံ၊ နေမင်းအိမ်၊ ဂျိုးလေး၊ သဟာအောင်၊ Anonimus၊ Vitamin၊ ပုံရိပ်၊ အိုင်ရင်းဇင်မာမြင့်၊ ဂျူလ်ဝယ်၊ ခိုင်မြဲသစ္စာ၊ မေ၊ ယွန်းမြတ်သူ၊ ချယ်ရီသင်း၊ “(၁၉၉၄) ရုပ်ရှင်ဇာတ်ကားအတွက်ဖန်တီးထားတဲ့ ‘မင်းအတွက်’ဇာတ်ဝင်သီချင်းဖြင့် Best Movie Soundtrack of the Year 2025 (By Judges) ဆုအတွက် ဒါရိုက်တာ အာကာစိုးအပါအဝင် ဂီတအနုပညာရှင်များ စွာက DMA 2026 ဂီတဆုပေးပွဲရဲ့ဆန်ခါတင်စာရင်းမှာ ပါဝင်ထားကြပါတယ်။
Myanmar Digital Music Awards (DMA 2026) မှာ အောင်မြင်မှုတွေနဲ့အတူ Official Nominee ဆုတံဆိပ် တွေကို ပိုင်ဆိုင်ရရှိထားတဲ့ သရုပ်ဆောင် တေးရေး/တေးဆို အောင်မြင့်မြတ်က “ဤဆုများအားလုံးအတွက် ပရိသတ် များနှင့်တကွ ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်”လို့ ရင်တွင်းစကား ဝေမျှထားပါတယ်။ Myanmar Digital Music Awards က မြန်မာ့ဂီတနယ်ပယ်အတွင်း ဒီဂျစ်တယ်ဂီတဖန်တီးမှုတွေနဲ့ ဂီတအနုပညာရှင် တွေရဲ့ကြိုးပမ်းအားထုတ်မှုတွေကို အသိအမှတ်ပြုခြင်းခံရမယ့် ဂီတဆုပေးပွဲတစ်ခုဖြစ်လာမှာဖြစ်ကြောင်း သိရှိရပါ တယ်။ Myanmar Digital Music Awards (DMA) 2026 ဆုပေးပွဲကြီးက Public Voting ဆုအမျိုးအစားတွေအတွက် Google Search ကတစ်ဆင့် တရားဝင်မဲပေးရမယ့် ဝက်ဘ်ဆိုက်စနစ်ကို အသုံးပြုကြရမှာဖြစ်ပါတယ်။ DMA 2026 မှာ People's Choice ပါဝင်တဲ့ ဆုတွေကိုသာ Public Voting စနစ်နဲ့ ဆုံးဖြတ်သွားမှာဖြစ်ပြီး၊ Digital Data ဆုတွေကို ဒီဂျစ်တယ်ပလက်ဖောင်းနားဆင်မှုအရေအတွက်နဲ့ By Judges ဆုတွေကို အကဲဖြတ်ဒိုင်လူကြီးတွေရဲအမှတ်ပေးမှုနဲ့ ရွေးချယ်ချီးမြှင့်သွားမှာဖြစ်ပါတယ်။ မဲပေးနိုင်မယ့်အချိန်ကာလကို နိုဝင်ဘာလ (၂၅) ရက်မှ ဒီဇင်ဘာလ (၁၅) ရက်အထိ သတ်မှတ်ထားကြောင်း အသိပေးထားပါတယ်။ MYANMAR DIGITAL MUSIC AWARDS DMA 2026 ဂီတဆုပေးပွဲ GRAND FINAL EVENT ကို (၂၀၂၆) ခုနှစ် ဒီဇင်ဘာလ(၃၀)ရက်မှာ ရန်ကုန်မြို့ရှိ Yangon Convention Centre (YCC) မှာ ခမ်းနားစွာကျင်းပသွားမှာဖြစ်ပါတယ်။


မြန်မာ့လက်ရွေးစင်ကြက်တောင်အားကစားမယ် သက်ထားသူဇာ ရှုံးပွဲမရှိ ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့
ဇမ်ဘီယာနိုင်ငံမှာကျင်းပခဲ့တဲ့ Zambia International Badminton Series 2026 ပြိုင်ပွဲမှာ မြန်မာ့လက်ရွေးစင် ကြက်တောင်အား ကစားမယ် သက်ထားသူဇာက အမျိုးသမီးတစ်ဦးချင်းချန်ပီယံဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။
“ရွှေဆုနဲ့ဝေးကွာနေသောကျွန်မ အခုတော့ ပြန်ရခဲ့ပြီ”လို့ ဝမ်းမြောက်ဂုဏ်ယူဖွယ်ရာသတင်းကို သက်ထား သူဇာက သူ့ရဲ့ THET HTAR Thuzar Facebook Page မှာ မှတ်တမ်းတင်ဓာတ်ပုံတွေနဲ့တကွ ဂုဏ်ယူစွာဖော်ပြခဲ့ပါတယ်။
သက်ထားသူဇာက ပြိုင်ပွဲတစ်လျှောက် ပြိုင်ဘက်ကစားသမားတွေကို ရှုံးပွဲမရှိရင်ဆိုင်ကျော်ဖြတ်နိုင်ခဲ့ပြီး ပွဲစဉ်တိုင်းမှာ နှစ်ပွဲပြတ်နဲ့အနိုင်ရရှိခဲ့ကာ ရွှေတံဆိပ်ဆုကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။
Zambia International Badminton Series 2026 ပြိုင်ပွဲကို (၂၀၂၆) ခုနှစ် နိုဝင်ဘာလ (၁၂)ရက်မှ (၁၅)ရက် အထိ ဇမ်ဘီယာနိုင်ငံ လူဆာကာမြို့ရှိ OYDC အားကစားစင်တာမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။
အခုရွှေတံဆိပ်ဆုက သက်ထားသူဇာအတွက် (၂၀၂၆) ခုနှစ်အတွင်းရရှိခဲ့တဲ့ နိုင်ငံတကာချန်ပီယံဆုတစ်ခုဖြစ်ပြီး သူ့ရဲ့ကစားသမားဘဝတစ်လျှောက် (၁၀) ခုမြောက် ချန်ပီယံဆုဖြစ်လာခဲ့ပါတယ်။
ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် (BWF)ရဲ့ (၂၀၂၆) ခုနှစ် နောက်ဆုံးရ ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွေအရ မြန်မာ့လက်ရွေးစင် ကြက်တောင်အားကစားမယ် သက်ထားသူဇာက အမျိုးသမီးတစ်ဦးချင်း (Women's Singles) ကမ္ဘာ့အဆင့် (၁၂၈) မှ (၁၅၅) ဝန်းကျင်အတွင်း ရပ်တည်လျက်ရှိကြောင်း ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံကြက်တောင် အဖွဲ့ချုပ် (Myanmar Badminton Federation) ရဲ့မှတ်တမ်းအရ သက်ထားသူဇာက အဆင့်(၁၂၈)မှာရပ်တည်နေပြီး အောက်တိုဘာလပြိုင်ပွဲမှတ်တမ်းများမှာ အဆင့် (၁၄၂) မှ (၁၅၅)အကြားရှိနေခဲ့ပါတယ်။ အခုနိုဝင်ဘာလ (၁၅) ရက်က ပြီးစီးခဲ့တဲ့ Zambia International Badminton Series 2026ပြိုင်ပွဲမှာ ရွှေတံဆိပ် ချန်ပီယံဆုဆွတ်ခူးရရှိခဲ့တာကြောင့် နောက်ဆုံးထွက်ရှိမယ့် BWF အဆင့်သတ်မှတ်ချက်မှာ ရမှတ်တွေထပ်မံတိုးပွားကာ အဆင့်ပြန်လည်မြင့်တက်လာမှာဖြစ် ကြောင်း အချက်အလက်တွေအရသိရပါတယ်။



အသက် (၈၀)နှစ် ပြည့်မြောက်သွားပြီဖြစ်တဲ့ ထပ်ဆင့်အကယ်ဒမီ မင်းသမီးကြီး
အကယ်ဒမီများရှင် ဝါရင့်ရုပ်ရှင်သရုပ်ဆောင် တေးသံရှင် ဒေါ်ချိုပြုံးက အသက်(၈၀)နှစ်ပြည့်မွေးနေ့အလှူကို (၂၀၂၆) ခုနှစ် နိုဝင်ဘာလ (၁၇)ရက်က ရန်ကုန်မြို့ရှိ ဟယ်လ်ပင်ကလေးဆေးရုံကြီးမှာ လူဦးရေ (၃၀ဝ) စာ စတုဒိသာ ကျွေးမွေးလှူဒါန်းကာ ကုသိုလ် ဒါန ပြုလုပ်ခဲ့ပါတယ်။
နိုဝင်ဘာလ (၁၇)ရက်က ထပ်ဆင့်အကယ်ဒမီ မင်းသမီးကြီး တေးသံရှင် ချိုပြုံးရဲ့မွေးနေ့ရက်မြတ်ဖြစ်ပြီး ၎င်းကို (၁၉၄၆) ခုနှစ် နိုဝင်ဘာလ (၁၇) ရက်မှာ ဦးချန်ထွန်း၊ ဒေါ်ကြည်ကြည်တို့က ရန်ကုန်မြို့မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ မွေးချင်း(၁၀)ယောက်မှာ တတိယမြောက်သမီးဖြစ်ပြီး ငယ်မည်မှာ အေးအေးတင့် ဖြစ်ပါတယ်။
အကယ်ဒမီများရှင် ချိုပြုံးက မြန်မာ့ရုပ်ရှင်ထူးချွန်ဆု စုစုပေါင်း (၄)ဆုကို ချီးမြှင့်ခံထားရသူဖြစ်ပြီး အကယ်ဒမီ ဆုရဇာတ်ကားတွေကတော့ (၁၉၇၉)ခုနှစ်မှာ “ချစ် အမျှ”နဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု၊ (၁၉၈၂) ခုနှစ်မှာ ‘မွန်းတည့်ချိန်တွင် နေဝင်သည်’ ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု၊ (၁၉၉၇) ခုနှစ်မှာ ‘အမေ့ခြေရာ’နဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု၊ (၂၀ဝ၃) ခုနှစ်မှာ ‘အမေ့နို့ဖိုး’နဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုတို့ကို ရရှိထား သူဖြစ်ပါတယ်။ ချိုပြုံးက အသက်(၈၀) ပြည့်မြောက်သွားပြီလို့ဆိုပေမယ့် ကျန်းမာရေးနဲ့အလှအပကို ထိန်းသိမ်း စောင့် ရှောက်သူတစ်ဦးဖြစ်တာကြောင့် အရွယ်တင်နုပျိုရုံမက အခုချိန်ထိ သူမြတ်နိုးတန်ဖိုးထားတဲ့အနုပညာအလုပ်တွေကို ကျန်းမာစွာလုပ်ကိုင်ဆောင်ရွက်နေဆဲဖြစ်ပါတယ်။ ဒါ့ပြင် မြေးဖြစ်သူတွေအတွက်လည်း အထောက်အပံ့ကောင်းအဖြစ် ရပ်တည်ပေးလျက်ရှိလို့နေပါတယ်။ မင်းသမီးကြီး ဒေါ်ချိုပြုံးရဲ့ အသက်(၈၀)နှစ်ပြည့်မွေးနေ့အတွက်လည်း ပရိသတ် တွေက သက်ရှည်ကျန်းမာစေလိုကြောင်း ဆုမွန်ကောင်းစကားတွေ ပြောကြားခဲ့ကြပါတယ်။
ဒီတစ်ပတ်အတွက်အနုပညာကဏ္ဍကို ဒီလောက်နဲ့ရပ်နားပါရစေ။
