
ထိုက်စံ(NP News)-နိုဝင်ဘာ ၂၂
တန်ဆောင်တိုင်ရုံးပိတ်ရက်အတွင်း ယာဉ်ကြောပိတ်ဆို့မှုအချိန်ကြာမြင့်စွာမဖြစ်ပေါ်စေရေး လမ်ကြောင်း(၅)ခုဖွင့်၍ အချိန်ပြည့်ဆောင်ရွက်လျက်ရှိကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့်(နိုဝင်ဘာ ၂၁ ရက်)၊ နံနက်စောပိုင်းတွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးအသုံးပြုသော ခရီးသွားယာဉ်များ အလွန်များပြားမှုကြောင့် ရန်ကုန် အမှတ် (၃) လမ်းဆုံ တိုးဂိတ် တွင် တန်းစီယာဥ်တန်းရှည်လျားမှု အနည်းငယ်ဖြစ်ပေါ်ခဲ့ကြောင်းသည့်အပြင် မိုင်တိုင် အမှတ် ၀/၇ ရန်ကုန်တိုးဂိတ်တွင် မနက် (၅)ခွဲမှ စတင်၍ ယာဥ်အဝင်များပြားခဲ့ရာ ရန်ကုန်-နေပြည်တော် အသွားလမ်းဖက်ခြမ်း Lane အားလုံး အပြင် ညာအစွန်ရှိ အရေးပေါ် ဝင်/ထွက်လမ်းကိုပါဖွင့်လှစ်၍ ယာဥ်များအမြန်ဖြတ်သန်းနိုင်စေရန် လမ်းဦးစီးဌာနတိုးဂိတ် တာဝန်ကျဝန်ထမ်းများက ဆောင်ရွက်ခဲ့ရာ ယာဥ်တန်းစီရမှုမရှိတော့ဘဲ ပုံမှန်အတိုင်းသွားလာနိုင်ခဲ့ကြောင်း သိရသည်။
အလားတူ နေပြည်တော် တိုးဂိတ်၌လည်း မနက်(၉) နာရီ မှ နေ့လယ် (၁၁) နာရီအထိ ယာဥ်အဝင်၊အထွက် အထူးများပြားခဲ့သော်လည်း အချိန်ကြာတန်းမစီရစေရန် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် တန်ဆောင်တိုင်ပွဲတော်ရက်များအတွင်း ယာဥ်ကြောပိတ်ဆို့မှု အချိန်ကြာမြင့်စွာမဖြစ်ပေါ်စေရေးအတွက် တိုးဂိတ်များအဝင်/အထွက်၌ Tollpass RFID လမ်းကြောင်း ၊ အရံလမ်းကြောင်း၊ ပုံမှန်ငွေသားကောက်ခံလမ်းကြောင်း နှင့် Weight Bridge Lane (ကတ္တားလမ်းကြောင်း)များ စုစုပေါင်း (၅ )ခုစလုံးဖွင့်၍ ယာဥ်သွားလာမှုအဆင်ပြေချောမွေ့စေရေးနှင့် ကြန့်ကြာမှုမရှိစေရေး တာဝန်ရှိဝန်ထမ်းများမှ (၂၄)နာရီ အချိန်ပြည့်ကြီးကြပ်၍ ဝန်ဆောင်မှုပေးလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် တိုးဂိတ်သို့ဖြတ်သန်းရန် တန်းစီစောင့်ဆိုင်းနေစဉ်အတွင်း မိမိယာဉ်အား စနစ်တကျတန်းစီ၍ နိုင်ငံကြီးသားပီသစွာ၊ စိတ်ရှည်စွာ စောင့်ဆိုင်းပေးသော ခရီးသွားပြည်သူများအား အထူးကျေးဇူးတင်ရှိကြောင်း နှင့် အခြားယာဥ်ကြောများအတွင်းသို့ ကြားဖြတ်ဝင်ခြင်း၊ လုမောင်းခြင်း၊ တန်းစီရမည်ကိုသိရှိပါလျက် ကျော်တက်ခြင်းများ မပြုလုပ်ကြရန် အသိပေး ထုတ်ပြန်ထားသည်။