NP News

ရန်ကုန်တိုင်းရှိ စက်မှုဇုန်မြို့နယ် (၆) မြို့နယ်တွင် ဘေးတွဲယာဉ်အစားထိုး သုံးဘီး (အိုးဝေ) ယာဉ် တရားဝင်ပြေးဆွဲ ခွင့်ရရှိရေး ဆောင်ရွက်နေ

သန့်ဇင် (NP News) - နိုဝင်ဘာ ၂၂

ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုဇုန်မြို့နယ် (၆) မြို့နယ်တွင် ဘေးတွဲယာဉ်အစားထိုး သုံးဘီး (အိုးဝေ) ယာဉ် တရားဝင်ပြေးဆွဲခွင့်ရရှိရေး ဆောင်ရွက်နေကြောင်း Precision Auto Engineering ကုမ္ပဏီမှ လက်ထောက် အထွေထွေဒုတိယမန်နေဂျာ ဦးမျိုးသီဟက NP News သို့ပြောသည်။
ဘေးတွဲယာဉ်အသုံးပြုမှုသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း Downtown ဧရိယာပြင်ပမြို့နယ်များတွင် များစွာရှိ ပြီး စက်မှုဇုန်များစွာရှိရာ လှိုင်သာယာ (အရှေ့ပိုင်း/ အနောက်ပိုင်း)၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ တောင်ဒဂုံနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်တို့တွင် အစီးရေ အနည်းဆုံး (၅၀,၀၀၀) ခန့်အထိ ရှိကြောင်း သိရသည်။
အဆိုပါ ဘေးတွဲယာဉ်များသည် ယာဉ်ကြံ့ခိုင်မှုအားနည်းခြင်းနှင့် မြို့ပြအင်္ဂါရပ်တို့အပေါ် ထိခိုက်မှုရှိလာသဖြင့် သုံးဘီး (အိုးဝေ) ယာဉ်များ အစားထိုးအသုံးပြုရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ခွင့်ပြုချက်ရရှိရေး တင်ပြထား ကြောင်း ဦးမျိုးသီဟက ဆိုသည်။

“စက်မှုဇုန်တွေ အများဆုံးရှိတဲ့ လှိုင်သာယာ (အနောက်ပိုင်း)၊ (အရှေ့ပိုင်း)၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ တောင်ဒဂုံနဲ့ ဆိပ်ကမ်း စုစုပေါင်း (၆) မြို့နယ်ပေါ့နော်။ အဲဒီမှာ ကျွန်တော်တို့ ခွင့်ပြုဧရိယာနဲ့ ဆက်စပ်နေတဲ့နေရာတွေ ဖြစ်ပါ တယ်။ ဆက်စပ်မောင်းနှင်ပြေးဆွဲခွင့်ဆိုပြီး အစိုးရကို (၂၀၂၅-၂၀၂၆) ထဲမှာ တင်ပြထားတာ ရှိပါတယ်” ဟု ၎င်းက ပြောသည်။
သုံးဘီး (အိုးဝေ) ယာဉ်များအား ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ Downtown မြို့နယ်များမှအပ မြို့နယ် (၁၃) မြို့နယ်တွင် ပြေးဆွဲခွင့်ရရှိပြီးဖြစ်သော်လည်း အထက်ပါ မြို့နယ် (၆) မြို့နယ်တွင် ပြေးဆွဲခွင့်ရရှိရေး ဒေသခံများထံ သဘောထားမှတ်ချက် တောင်းခံထားရာ ကန့်ကွက်မှုမရှိကြောင်း သိရသည်။

“အဲဒီအပေါ်မှာ အစိုးရအနေနဲ့လည်း တိုင်းဒေသကြီးထဲရှိတဲ့ စက်မှုဇုန်တွေမှာ ဒီလိုပြေးဆွဲမယ်ဆိုရင် ဒေသအလိုက်၊ မြို့နယ်အလိုက်၊ ရပ်ကွက်အလိုက် သဘောထားမှတ်ချက် ဘယ်လိုရှိမလဲဆိုပြီး ညွှန်ကြားတော့ အဲဒီမှာ စက်မှုဇုန် တော်တော်များများနဲ့ မြို့နယ်တော်တော်များများက ဒီသုံးဘီးယာဉ်ပြေးဆွဲခြင်းအားဖြင့် သာမန်လုပ်ထုံး လုပ်နည်းနဲ့အညီ ခွင့်ပြုပြေးဆွဲမယ်ဆိုရင် သူတို့က ကန့်ကွက်ဖို့မရှိဘူးဆိုပြီး ကျွန်တော်တို့ သဘောထားရရှိထားပါ တယ်။ အဲဒီတော့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုလည်း ဒီစီမံချက်ကို တင်ပြထားတာ ရှိပါတယ်။ ဒါပေမဲ့ ဒီဘက်အပိုင်းကိုတော့ ပြန်လည်ခွင့်ပြုချက်ကျတယ်လို့တော့ ကျွန်တော်မကြားသေးပါဘူး” ဟု ၎င်းက ပြောသည်။
ထို့နောက် ကနဦးတင်ပြထားသည့် မြို့နယ် (၆) မြို့နယ်အတွင်း တရားဝင်ပြေးဆွဲခွင့် မရရှိသေးသည့်ကာလတွင် ဆက်စပ်နယ်မြေအရ ဖြတ်သန်းပြေးဆွဲခွင့်ရရှိရေးလည်း လုပ်ဆောင်နေကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့က (၂၀၂၆-၂၀၂၇) မှာ ဆက်စပ်နယ်မြေတွေကို ဖြတ်သန်းပြေးဆွဲခွင့်ပေါ့နော်။ မြို့နယ်အတွင်း ပြေးဆွဲခွင့်မဟုတ်ရင်တောင် ဧရိယာတစ်ခုကနေ တစ်ခုကိုဖြတ်ပြီးတော့ သွားနိုင်အောင်ဆိုတဲ့ အပိုင်းလေးပေါ့နော်။ ဖြတ်သန်းပြေးဆွဲခွင့်တော့ ကျွန်တော်တို့ ပြန်လည်ကြိုးစားမှာပါ။ ရရှိထားတဲ့ မြို့နယ်အလိုက် ထောက်ခံချက်နဲ့ ဇုန်တွေရဲ့ ထောက်ခံချက်နဲ့ပေါ့နော်” ဟု ၎င်းက ဆက်ပြောသည်။
ဘေးတွဲယာဉ် အစားထိုး သုံးဘီး (အိုးဝေ) ယာဉ် အသုံးပြုရေး Project တွင် လက်ရှိဘေးတွဲမောင်းများအတွက် ကနဦးပေးသွင်းငွေ (၃၀) ရာခိုင်နှုန်း ပေးသွင်းရုံဖြင့် သုံးဘီး (အိုးဝေ) ယာဉ် ရရှိရေး ဆောင်ရွက်ပေးထားကြောင်း သိရသည်။

“Down Payment (၃၀) ရာခိုင်နှုန်းနဲ့ ယာဉ်အပ်နှံနိုင်အောင် ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်။ ရန်ကုန်ဆိုတာ တော့ စီးပွားရေးမြို့တော်ဖြစ်တယ်။ ယာဉ်များတယ်၊ ကျပ်တည်းတယ်ဖြစ်တဲ့အတွက် ကျွန်တော်တို့က တချို့ဟာတွေကို လုပ်ဆောင်တာပေါ့နော်။ YBS ယာဉ်မရောက်နိုင်တဲ့ နေရာတွေမှာ ကျွန်တော်တို့က သုံးစွဲဖို့ ဖြစ်ပါ တယ်။ YBS ကတော့ မိန်းလမ်းမပေါ်ကို သွားတယ်ပေါ့နော်။ မိန်းလမ်းမမဟုတ်တဲ့ ရပ်ကွက်အတွင်းသွားတဲ့အခါမှာ ဒီလိုခေါက်တိုယာဉ်လေးတွေ မရှိလို့လည်းမဖြစ်ဘူး။ အဲဒီမှာ လုံခြုံစိတ်ချရတဲ့ ခေါက်တိုစနစ်လေးတွေ အရင် ကျွန်တော်တို့ ဘေးတွဲရှိသော်လည်း ဘေးတွဲတွေက အမိုးတွေနဲ့ ယာဉ်ကြံ့ခိုင်မှုအားနည်းတာတွေနဲ့ သွားလာနေရ တာထက်စာရင် မြို့ပြအင်္ဂါရပ်နဲ့လည်းညီတဲ့ ဒီလိုယာဉ်လေးတွေနဲ့ ပြေးဆွဲဖို့ ရည်ရွယ်တာလည်းဖြစ်ပါတယ်” ဟု ဦးမျိုးသီဟ က ပြောသည်။
သို့သော်လည်း သုံးဘီး (အိုးဝေ) ယာဉ်တစ်စီး၏ လက်ရှိကာလပေါက်ဈေးမှာ ကျပ်သိန်း (၂၀၀) ကျော်အထိ ရှိနေပြီး ကနဦးပေးသွင်းငွေ (၃၀) ရာခိုင်နှုန်းအရ ကျပ်သိန်း (၆၀) ကျော်အထိ ပေးဆောင်ရခြင်းသည်လည်း အခြေခံဘေးတွဲ ယာဉ်မောင်းများအတွက် အခက်အခဲရှိနေနိုင်ကြောင်း သိရသည်။

လက်ရှိတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သုံးဘီး (အိုးဝေ) ယာဉ်ပေါင်းများစွာကို နေ့စဉ်ခရီးသည်ပို့ဆောင်ရေး နှင့် ကုန်စည်ပို့ဆောင်ရေးအတွက် အသုံးပြုနေကြပြီး Bajaj RE နှင့် TVS King တို့ကဲ့သို့ အိန္ဒိယအမှတ်တံဆိပ် များမှာ အများဆုံးဖြစ်ကြောင်း သိရသည်။
Bajaj RE သုံးဘီး (အိုးဝေ) ယာဉ်သည် မြန်မာနိုင်ငံအနှံ့သို့ ဖြန့်ကြက်ထားပြီး လက်ရှိအချိန်အထိ ယာဉ်အစီးရေ (၅၆,၀၀၀) ကျော် ဖြန့်ချိရောင်းချထားပြီဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — NP News