Myanmar Transparency News

စက်ချို့ယွင်းသည့်ထော်လာဂျီက တစ်ဖက်ယာဥ်ကြောရောက်ပြီး အိုးဝေနှင့် ဆိုင်ကယ်ကို တိုက်မိရာက အမျိုးသမီးတစ်ဦးသေဆုံးကာ ငါးဦးဒဏ်ရာရ

ရောင်ဝါ
၂၂. ၁၁. ၂၀၂၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၌ ထော်လာဂျီ၊ အိုးဝေနှင့် ဆိုင်ကယ်တို့ သုံးစီးတိုက်မိသည့် ယာဉ်တိုက်မှု ဖြစ်ပွား၍ အမျိုးသမီး တစ်ဦး သေဆုံးကာ အမျိုးသား သုံးဦးနှင့် အမျိုးသမီး နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၁ ရက် နံနက် ၁၁ နာရီ ၂၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ ဂုံမင်းမြောင်ကျေးရွာ၊ ရန်ကုန်-ပြည်ကားလမ်း၊ မိုင်တိုင်အမှတ် ၈၀ မိုင် ၂ ဖာလုံနှင့် ၃ ဖာလုံ ကြား၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၁၄)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ပြည်မြို့မှ ရန်ကုန်မြို့ ဘက်သို့ သာယာဝတီမြို့နယ်၊ ဂုံမင်းမြောင်(အရှေ့စု)ကျေးရွာနေ ဦးဝေဇင်ဦး(၃၃)နှစ် မောင်းနှင်လာသော ထော်လာဂျီယာဉ်သည် စက်ချို့ယွင်း၍ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိသွားစဉ် လားရာတူနောက်မှ ကျော်တက်လာသည့် ဇလုတ်ကျေးရွာနေ ဦးဇော်နိုင်ဦး(၄၈)နှစ် မောင်းနှင်ပြီး တစ်ရွာတည်းနေ ဒေါ်ခိုင်သဇင်(၃၈)နှစ်နှင့် ဒေါ်စိမ်းမို့မို့(၃၅)နှစ်တို့ လိုက်ပါလာသည့် BGO/23U-XXXX BAGA အမျိုးအစား အိုးဝေအား တိုက်မိကာ မျက်နှာချင်းဆိုင်မှ ဥတိုကျေးရွာနေ ဒေါ်ဆုနှင်းဝေ(၃၃)နှစ် မောင်းနှင်ပြီး မောင်ဝဏ္ဏအောင်(၁၇)နှစ် လိုက်ပါလာသော 67W-XXXX WAVE 100 အမျိုးအစား ဆိုင်ကယ်အား ထပ်မံတိုက်မိခဲ့သဖြင့် ဒေါ်ဆုနှင်းဝေတွင် ထိခိုက်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဦးဝေဇင်ဦး၊ ဦးဇော်နိုင်ဦး၊ ဒေါ်ခိုင်သဇင်၊ ဒေါ်စိမ်းမို့မို့နှင့် မောင်ဝဏ္ဏအောင်တို့တွင် ထိခိုက်ဒဏ်ရာများ အသီးသီး ရရှိခဲ့ကြောင်း သိရသည်။

ထိုဖြစ်စဥ်ကြောင့် ယာဉ်အား မဆင်မခြင်ပေါ့လျော့စွာမောင်းနှင်သူ ဝေဇင်ဦး အား သာယာဝတီမြို့မ ရဲစခန်း ယာဉ်(ပ)၁၂/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၈/ ၃၃၇/ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

မူရင်းသတင်း — Myanmar Transparency News