Myanmar National Post

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးလုပ်ငန်းစဉ်တွင် အဓမ္မဖမ်းဆီးဆင့်ခေါ်ခြင်း၊ တရားမဝင် ငွေကြေးကောက်ခံခြင်းများအား အရေးယူထားရှိမှု အသိပေးထုတ်ပြန်ခြင်း


နိုင်ငံတော်ကာကွယ်ရေးစွမ်းပကားမြင့်မားရန် လိုအပ်မှုရှိနေခြင်းနှင့် နိုင်ငံတော်လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများပြဋ္ဌာန်းပြီး ဥပဒေအရ အကျုံးဝင်သူ အမျိုးသားများအား ပြည်သူ့စစ်မှုထမ်းများ ဆင့်ခေါ်လျက်ရှိပါသည်။

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး လုပ်ငန်းစဉ်များအား ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့နှင့် သက်ဆိုင်ရာ ပြည်နယ်၊ တိုင်း၊ ခရိုင်၊ မြို့နယ် အဆင့်ဆင့်သောဆင့်ခေါ်ရေးအဖွဲ့များက ဥပဒေ၊ နည်းဥပဒေသတ်မှတ်ချက်များအတိုင်း စနစ်တကျကြပ်မတ်ဆောင်ရွက်လျက်ရှိသော်လည်း အချို့သော ပြည်သူ့စစ်မှုထမ်းဆောင်ရန် အလှည့်ကျသူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဆောင်ရမည့် အမျိုးသားရေးတာဝန်ကို ရှောင်လွှဲလိုသဖြင့် အခြားရပ်ရွာများသို့ ရှောင်တိမ်းခြင်း၊ ပြည်ပသို့ ထွက်ခွာခြင်း၊ အခကြေးငွေဖြင့် လူအစားထိုးခြင်းများ ပြုလုပ်လျက်ရှိပါသည်။

ထိုကဲ့သို့ အကြောင်းအမျိုးမျိုးပြ ရှောင်တိမ်းသူများအား ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များမှ စောင့်ကြည့်ဆင့်ခေါ်ခြင်း ပြုလုပ်နေခြင်းအပေါ် အချို့မြို့ရွာများတွင် မသမာသူများကပါ တာဝန်ရှိသူများအဖြစ် အယောင်ဆောင်ပြီး အဓမ္မဖမ်းဆီးငွေကြေးရယူကာ ပြည်သူ့စစ်မှုထမ်းအဖြစ် စာရင်းသွင်းဝင်ရောက်စေခြင်း၊ အချို့ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် ၎င်းတို့၏ ရပ်ကွက်၊ ကျေးရွာများမှ ပြည်သူ့စစ်မှုထမ်းဆောင်ရန် သွားရောက်မည့်သူများကို ထောက်ပံ့ပေးရန် အကြောင်းပြ၍ လစဉ်ငွေကြေးကောက်ခံခြင်း၊ ရှောင်တိမ်းသူများအစား အခကြေးငွေပေး၍ လူစားထိုးထမ်းဆောင်စေခြင်းများပြုလုပ်ရန် တရားမဝင်ငွေကြေးကောက်ခံခြင်းများ ဖြစ်ပေါ်နေကြောင်း သိရှိရပါသည်။

လက်ရှိဖြစ်ပေါ်နေသော အဓမ္မဖမ်းဆီးဆင့်ခေါ်ခြင်း၊ တရားမဝင်ငွေကြေးကောက်ခံခြင်းများသည် မသမာသူများက ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများအား ချိုးဖောက်ပြီး တရားမဝင်လုပ်ဆောင်နေမှုများသာဖြစ်သဖြင့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့နှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့မှ အထူးအလေးထားစိစစ်ဖော်ထုတ်အရေးယူမှုများ ပြုလုပ်လျက်ရှိပါသည်။

တရားမဝင်ငွေကြေးကောက်ခံသူများနှင့် အဓမ္မဖမ်းဆီးဆင့်ခေါ်သူများအား ပြည်ထဲရေးဝန်ကြီးဌာနမှ စိစစ်ဖော်ထုတ် အရေးယူလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့အထိ ငွေကြေးဆိုင်ရာ ၄၉ မှု၊ တရားခံ ၁ဝ၂ ဦးနှင့် အဓမ္မဆင့်ခေါ်မှုဆိုင်ရာ ၂၂ မှု၊ တရားခံ ၉၇ ဦး၊ စုစုပေါင်း ၇၁ မှု၊ တရားခံ ၁၉၉ ဦးတို့အား အရေးယူထားရှိပြီးဖြစ်ပါသည်။ ထို့ပြင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့သို့ တိုင်ကြားလာမှုကြောင့် အရေးယူရသည့် ငွေကြေးဆိုင်ရာ ၁၈၂ မှုတွင် အရေးယူပြီးစီးမှု ၉၁ မှု၊ စိစစ်ဆဲ ၅၆မှု၊ မမှန်မကန်တိုင်ကြားမှု ၃၅ မှုနှင့် အဓမ္မဆင့်ခေါ်မှုဆိုင်ရာ ၄၃ မှုတွင် အရေးယူပြီးစီးမှု ၁၇ မှု၊ စိစစ်ဆဲ ၁၄ မှု၊ မမှန်မကန်တိုင်ကြားမှု ၁၂မှုရှိခဲ့ပြီး ဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူထားပြီး ဖြစ်ပါသည်။

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့သည် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး လုပ်ငန်းစဉ်များအား အဆင့်ဆင့်သော ဆင့်ခေါ်ရေးအဖွဲ့များမှ အကောင်အထည်ဖော်ရာတွင် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျလုပ်ဆောင်စေရေး အလေးထားကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး ခရီးသွားပြည်သူများအား အတင်းအဓမ္မခြိမ်းခြောက်ဆင့်ခေါ်ခြင်း၊ ညအချိန် ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ငွေကြေးဖြင့် လူအစားထိုးဆင့်ခေါ်ခြင်း၊ ရပ်ကွက်၊ ကျေးရွာများတွင် တရားမဝင်ငွေကြေးကောက်ခံခြင်းများ လျော့နည်းပပျောက်စေရေး ပြည်ထဲရေးဝန်ကြီးဌာနနှင့် ညှိနှိုင်း၍ ထိထိရောက်ရောက် ဖော်ထုတ်အရေးယူခြင်းများ ဆက်လက်ပြုလုပ်သွားမည် ဖြစ်ပါသည်။

အဆိုပါ ဖြစ်စဉ်များနှင့်ပတ်သက်၍ ပြည်သူလူထုအနေဖြင့်လည်း နေ့စဉ်ထုတ်သတင်းစာများတွင် ဖော်ပြထားသည့် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် သတင်းပေးတိုင်ကြားနိုင်မည့် ဖုန်းနံပါတ်များအား သတင်းပေးတိုင်ကြားနိုင်ပါကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။


ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့

ကာကွယ်ရေးဝန်ကြီးဌာန


#Myanmar #News 

မူရင်းသတင်း — Myanmar National Post