NP News

အစိုးရနုတ်ထွက်ရန် ဆန္ဒပြသူများ၏ တောင်းဆိုချက်ကို နားထောင်မည်ဟု ထိုင်းဝန်ကြီးချုပ်ပြော

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၂

အစိုးရနုတ်ထွက်ပေးရန် တောင်းဆိုနေသည့် ဂျန်ဇီ (Generation Z) ဆန္ဒပြသူများ၏ တောင်းဆိုချက်များကို နားထောင်ရန် မိမိအစိုးရအနေဖြင့် အသင့်ရှိနေကြောင်း ထိုင်းဝန်ကြီးချုပ် အနုတင် က ထုတ်ဖော်ပြောဆိုလိုက်သည်။
ထိုင်းလူငယ်များ၏ ဆန္ဒပြမှုများသည်အခြားနိုင်ငံများရှိ လူငယ်ဦးဆောင်သော လှုပ်ရှားမှုများကဲ့သို့ မငြိမ်မသက်မှုများအထိ ကြီးထွားလာနိုင်သည်ဟူသော စိုးရိမ်မှုများကိုမူ ဝန်ကြီးချုပ် အနုတင်က ပယ်ချခဲ့သည်။ ပြည်ထဲရေးဝန်ကြီးတာဝန်ကိုပါ ပူးတွဲထမ်းဆောင်နေသည့် အနုတင်က နိုဝင်ဘာ (၂၁) ရက်တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ထိုကဲ့သို့သော လှုပ်ရှားမှုများသည် ဥပဒေဘောင်အတွင်း ရှိနေသရွေ့ အမြင်ထုတ်ဖော်ပြောဆိုခွင့် နှင့် ဆန္ဒပြခွင့်ဆိုင်ရာပြည်သူများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေပါအခွင့်အရေးကို အစိုးရက လေးစားကြောင်း ပြောကြားခဲ့သည်။

​အဆိုပါ မှတ်ချက်များသည် ကိစ္စရပ်အများအပြားအပေါ် အစိုးရ၏ ကိုင်တွယ်ဖြေရှင်းပုံကို မကျေမနပ်ဖြစ်ကာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ တောင်းဆိုနေသည့် လူငယ်များ၏ ဆန္ဒပြပွဲများ ဖြစ်ပွားနေချိန်အတွင်း ထွက်ပေါ်လာခြင်းဖြစ်သည်။
အစိုးရအနေဖြင့် ဆန္ဒပြသူများကို လျစ်လျူရှုထားခြင်း မရှိဘဲ ၎င်းတို့၏ တောင်းဆိုချက်များကို လက်ခံရယူရန်၊ အစီရင်ခံရန်နှင့် အကဲဖြတ်ရန် ယန္တရားများ ချမှတ်ထားပြီး ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် အနုတင်ကပြောကြားခဲ့သည်။

လက်တွေ့ကျကျအကောင်အထည်ဖော်နိုင်မည့် အဆိုပြုချက်များကို ဆုံးဖြတ်ရန်နှင့် နောက်ဆက်တွဲ ဆောင်ရွက်ရန် တာဝန်ရှိသည့် အေဂျင်စီများကို ဖော်ထုတ်ရန်အတွက် သက်ဆိုင်ရာ အရာရှိများက အဆိုပြုချက်များကို စိစစ်သွားမည်ဟု ၎င်းက ပြောကြားခဲ့သည်။
​"ပြည်သူတွေအနေနဲ့ ဥပဒေဘောင်အတွင်းကနေ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးတွေကို ကျင့်သုံးနေသရွေ့အစိုးရဟာ တောင်းဆိုချက်တိုင်းကို နားထောင်ဖို့ အသင့်ရှိပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

မူရင်းသတင်း — NP News