Myanmar National Post

စည်းလုံးညီညွတ်မှုအင်အားနဲ့ ရင်ဆိုင်ကျော်လွှားရမည့် ICJ တရားရုံးဆုံးဖြတ်ချက်


မြန်မာပြည်သူများ အထူးစိတ်ဝင်စားနေကြတဲ့ Genocide အမှုမှာ သာမန်အားဖြင့်တော့ ICJ တရားရုံးရဲ့ဆုံးဖြတ်ချက်အရ ဂမ်ဘီယာနိုင်ငံကအသာစီးရရှိပြီး မြန်မာနိုင်ငံကရှုံးနိမ့်သွားတယ်လို့ ထင်မြင်ယူဆကြမှာဖြစ်ပါတယ်။

ဒါပေမယ့် တကယ်တမ်းထဲထဲဝင်ဝင် လေ့လာသုံးသပ်ကြည့်ရင်တော့ အချက်အများအပြားမှာ အရေးနိမ့်ခဲ့ရတာမှန်ပေမယ့် လုံးလုံးလျားလျား ခေါင်းမထူနိုင်လောက်အောင် ဆိုးရွားလှတာတော့ မဟုတ်ပါဘူး။ တချို့နေရာတွေမှာ အားသာချက်တွေလည်း ရှိနိုင်တာတွေ့ရပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ICJ တရားရုံးရဲ့ဂုဏ်သိက္ခာကိုယုံကြည်ခဲ့လို့ ဂမ်ဘီယာက တရားစွဲဆိုတဲ့အမှုကို ရိုးသားဖြောင့်မတ်စွာ သွားရောက်ရင်ဆိုင်ဖြေရှင်းခဲ့ခြင်းဖြစ်ပါတယ်။ အမှုရင်ဆိုင်ခဲ့တဲ့ ၇ နှစ်တာ ကာလအတွင်း တရားရုံးရဲ့အမိန့်တွေ ၊ ညွှန်ကြားချက်တွေကို တာဝန်သိစွာ အပြည့်အဝလိုက်နာခဲ့ပါတယ်။ မိမိတို့ဘက်က လူမျိုးသုဉ်းအောင် တမင်ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တာမရှိဘဲ အာဆာအကြမ်းဖက်အဖွဲ့ရဲ့ ဆိုးရွားလှတဲ့လုပ်ရပ်တွေကိုတားဆီးနိုင်ဖို့ အကြမ်းဖက်မှုချေမှုန်းရေးစစ်ဆင်မှုတွေ လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း ဥပဒေအကြောင်းခြင်းရာနဲ့ သက်သေအထောက်အထား အချက်အလက်တွေပါ ခိုင်ခိုင်လုံလုံတင်သွင်းချေပခဲ့တာ ဖြစ်ပါတယ်။ မြန်မာကသာ တရားရုံးကိုသွားပြီး ဒီလိုရင်ဆိုင်ချေပမှုမပြုခဲ့ဘူးဆိုရင်လည်း ICJ တရားရုံးက ဒီထက်မက ပိုမိုဆိုးရွားတဲ့ ဆုံးဖြတ်ချက်တွေကို ထောက်ခံမဲ ၁၅ မဲ၊ ကန့်ကွက်မဲ သုညနဲ့ ဆုံးဖြတ်ခံရမှာပဲ ဖြစ်ပါတယ်။

ယခုလို သွားရောက်ရင်ဆိုင်ဖြေရှင်းခဲ့တဲ့အတွက် မြန်မာနိုင်ငံရဲ့ ခိုင်မာတဲ့သက်သေ အထောက်အထားများနဲ့ ခုခံလျှောက်လဲချက်များဟာ ICJ တရားရုံးမှာ နိုင်ငံတကာအဆင့် မှတ်တမ်းဝင်သွားပြီဖြစ်ပါတယ်။ အဲလိုမဖြေရှင်းခဲ့ဘူးဆိုရင် ဂမ်ဘီယာစွပ်စွဲသမျှ ကမ္ဘာကအမှန်တွေချည်းလို့ ထင်မြင်ကြမှာဖြစ်ပါတယ်။ ဒါကလည်း အရှုံးထဲကအမြတ်တစ်ခုလို့ ဆိုနိုင်ပါတယ်။

ICJ က စီရင်ချက်ချမှတ်ခဲ့တဲ့ အချက် ၁၃ ချက်ရှိပြီး တရားသူကြီး ၁၅ ဦးက တစ်ချက်ချင်းကို မဲပေးပြီးတော့မှ ဆုံးဖြတ်ခဲ့တယ်လို့ဆိုပါတယ်။ ဆုံးဖြတ်ချက် အမှတ်စဉ် (၁) နဲ့ အမှတ်စဉ် (၂) ကတော့ လူမျိုးသုဉ်းကျူးလွန်ခဲ့ကြောင်းနဲ့ ကျူးလွန်ခြင်းကိုတားဆီးရန် ပျက်ကွက်ခဲ့ကြောင်း ထောက်ခံ ၉ မဲ ကန့်ကွက် ၆ မဲနဲ့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်လို့တော့ ဂမ်ဘီယာနိုင်ငံဘက်က တင်သွင်းတဲ့သက်သေတွေက မခိုင်လုံပေမယ့်လည်း ခိုင်မာမှုမရှိတဲ့ မျက်မြင်သက်သေဆိုသူတွေရဲ့ ထွက်ဆိုချက်တွေကို တရားရုံးက လက်ခံလိုက်တဲ့အတွက် အသတ်ခံရတဲ့ကိန်းဂဏန်းတွေဖောင်းပွခြင်း၊ ပုံကြီးချဲ့ဖြစ်စဉ်များကို လက်ခံခြင်းတို့ကြောင့် ဒီလိုဆုံးဖြတ်ခဲ့ခြင်း ဖြစ်နိုင်ပါတယ်။ ၆ မဲ ၉ မဲနဲ့ကပ်ပြီး အရေးနိမ့်ခဲ့ရတာဖြစ်တဲ့အတွက် မြန်မာဘက်ကလျှောက်လဲချက်တွေဟာ ထိရောက်ခဲ့ပြီး တချို့တရားသူကြီးတွေက အစဉ်အလာအရ အခုလိုအမှုကြီးတွေမှာထားရှိရမြဲဖြစ်တဲ့ မြင့်မားတဲ့ သက်သေခံခိုင်လုံမှုအဆင့်အတန်းကို အကြောင်းအမျိုးမျိုးကြောင့်လျှော့ပေါ့ပြီး ဂမ်ဘီယာဘက်ကို အသာပေးဆုံးဖြတ်ခဲ့တယ်လို့ ယူဆရပါတယ်။ သဘောထားကွဲလွဲတဲ့ တရားသူကြီး ၆ ဦးရဲ့ ပူးတွဲကြေညာချက်မှာ တရားရုံးရဲ့ဒီလိုစံနှုန်း နှိမ့်ချသွေဖည်မှုကို အပြင်းအထန်ထောက်ပြဝေဖန်ခဲ့ကြတာ တွေ့ရပါတယ်။

ဆုံးဖြတ်ချက် (၃) မှာတော့ ဘင်္ဂါလီတွေအပေါ် လူမျိုးသုဉ်းသတ်ဖြတ်ရန် အမုန်းစကားများဖြင့် မြန်မာဘက်က လှုံ့ဆော်ခဲ့ခြင်းမရှိကြောင်း ၁၄ မဲ ၁ မဲနဲ့ အနိုင်ရရှိခဲ့ပါတယ်။​

ဆုံးဖြတ်ချက် (၄) မှာတော့ လူမျိုးသုဉ်းသတ်ဖြတ်မှုကျူးလွန်သူအရပ်သားတွေကို ပြစ်ဒဏ်ပေးရန် မြန်မာဘက်က ပျက်ကွက်ခဲ့ကြောင်း ၁၁ မဲ ၄ မဲနဲ့ အတည်ပြုခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲဒီပြစ်ဒဏ် ကျူးလွန်ခဲ့တဲ့သူတွေကို မြန်မာနိုင်ငံကပဲ လွတ်လပ်တဲ့ ခုံရုံးဖွဲ့စည်းစစ်ဆေးပြီး အရေးယူရမှာဖြစ်ပါတယ်။ ယခင်ဖြစ်စဉ်များတုန်းက ကျူးလွန်သူတွေကို ICC နဲ့ အလားတူ အခြားနိုင်ငံတကာ ခုံရုံးတွေကို လွှဲပြောင်းပေးရန် ဆုံးဖြတ်ခဲ့ဖူးပေမယ့် ယခုဖြစ်စဉ်မှာတော့ ICC ကို လွှဲပြောင်းပေးစေခြင်း မရှိတာကို တွေ့ရှိရပါတယ်။ ဒါကလည်း မြန်မာအတွက် ကောင်းမွန်တဲ့ရလဒ်တစ်ခုလို့ ဆိုနိုင်ပါတယ်။

ဆုံးဖြတ်ချက် (၅) မှာတော့ မြန်မာနိုင်ငံမှာ လူမျိုးသုဉ်းသတ်ဖြတ်မှုကို တားဆီးရမယ့်ဥပဒေများ ပြဋ္ဌာန်းထားခြင်းမရှိကြောင်း ၁၄ မဲ ၁ မဲနဲ့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီအချက်ကတော့ မြန်မာနိုင်ငံမှာ လူသတ်မှုများအတွက် ပြဋ္ဌာန်းထားရှိတဲ့ ရာဇဝတ်ပြစ်မှုဆိုင်ရာ ရာဇသတ်ကြီးဥပဒေမှာ လူမျိုးသုဉ်းစေမှုကို ထည့်သွင်းပြင်ဆင်ခဲ့ပေမယ့် မလုံလောက်ဘူးလို့ တရားရုံးကယူဆခဲ့တာဖြစ်ပါတယ်။ ဒါကတော့ လူမျိုးသုဉ်းစေမှုကို သီးခြားရည်ရွယ်တားဆီးတဲ့ ဥပဒေကိုပြဋ္ဌာန်းလိုက်ပြီး ဖြေရှင်းလို့ရတဲ့အချက်ပဲ ဖြစ်ပါတယ်။

ဆုံးဖြတ်ချက် (၆) မှာတော့ လူမျိုးသုဉ်းသတ်ဖြတ်ရန် ချိုးဖောက်မှုမှန်သမျှကိုရပ်တန့်ရန် ၁၄ မဲ ၁ မဲနဲ့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီအချက်ကတော့ မြန်မာနိုင်ငံအနေနဲ့ ဒီအမှုမှာပါဝင်ရင်ဆိုင်ခဲ့တဲ့အချိန်ကစပြီး လူမျိုးသုဉ်းသတ်ဖြတ်ခြင်းကို ကျူးလွန်မှုမရှိကြောင်း ပုံမှန်အစီရင်ခံနေခဲ့တဲ့အတွက် လိုက်နာဆောင်ရွက်ပြီး ဖြစ်နေပါတယ်။

ဆုံးဖြတ်ချက် (၇) ကတော့ ဆုံးဖြတ်ချက် (၄) နဲ့ သဘောတရားတူညီပြီးကျူးလွန်ရန် သံသယရှိသူတွေကို မြန်မာနိုင်ငံအစီအစဉ်နဲ့ စုံစမ်းစစ်ဆေးအရေးယူရန် ၁၃ မဲ ၂ မဲနဲ့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။ ဆုံးဖြတ်ချက် (၈) ကတော့ အလားတူချိုးဖောက်မှုများမဖြစ်စေရန် တားဆီးကာကွယ်ရမယ်ဆိုတဲ့ အချက်ဖြစ်ပြီး ဆုံးဖြတ်ချက် (၁) နဲ့ (၂) ရဲ့ သဘောတရားအတူတူပင် ဖြစ်ပါတယ်။

ဆုံးဖြတ်ချက် (၉) မှာတော့ ပြန်လည်ထူထောင်ပေးရေး အစီအမံချမှတ် ဆောင်ရွက်ရန်အတွက် ၁၀ မဲ ၅ မဲနဲ့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီအချက်ကတော့ လက်ရှိမှာလည်း မြန်မာအစိုးရအနေနဲ့ ဆောင်ရွက်ပေးလျက်ရှိပြီး အာဆီယံ၊ ကုလသမဂ္ဂအဖွဲ့အစည်းအချို့နဲ့ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ စတဲ့နိုင်ငံတွေနဲ့ပါပူးပေါင်းပြီး လုပ်ဆောင်ပေးနေတဲ့အချက်ဖြစ်တဲ့အတွက် မြန်မာအစိုးရအနေနဲ့ အခက်အခဲမရှိတဲ့ အချက်ဖြစ်ပါတယ်။

ဆုံးဖြတ်ချက် (၁၀) နဲ့ (၁၁) ကတော့ ထိခိုက်နစ်နာခဲ့သူများကို လျော်ကြေးငွေပေးအပ်ရန် တာဝန်ရှိကြောင်း ၁၀ မဲ ၅ မဲနဲ့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်မှာလည်း လျော်ကြေးငွေကို ဂမ်ဘီယာကိုပေးစရာမလိုဘဲ ဘယ်သူတွေက နစ်နာတယ်၊ လျော်ကြေးဘယ်လောက်ပေးရမယ်၊ ဘယ်လိုပေးရမယ်ဆိုတာကို မြန်မာနိုင်ငံကပဲတာဝန်ယူပြီး ၂ နှစ်အတွင်း လေ့လာဆောင်ရွက်ကာ ICJ က အတည်ပြုဆုံးဖြတ်‌ပေးရမှာ ဖြစ်တဲ့အတွက် ဂမ်ဘီယာအတွက်တော့ မှန်းချက်နဲ့နှမ်းထွက်မကိုက်တဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။

ဆုံးဖြတ်ချက် (၁၂) ကတော့ သက်သေခံပစ္စည်းများ ဖျက်ဆီးထားကြောင်း ၁၁ မဲ ၄ မဲနဲ့ ဆုံးဖြတ်ခဲ့ပြီး မြန်မာဘက်က သီးခြားဆောင်ရွက်ရန်မလိုတဲ့အချက်ဖြစ်ပါတယ်။ ဆုံးဖြတ်ချက် (၁၃) ကတော့ ဘင်္ဂါလီများကိုနိုင်ငံသားပေးဖို့ သူတို့လိုလားတဲ့ လူမျိုးအမည်ကို တရားဝင်သတ်မှတ်ပေးဖို့ အချက်များအပါအဝင် ဂမ်ဘီယာနိုင်ငံက အခြားလျှောက်ထား တင်ပြချက်အားလုံးကို ၁၅ မဲ သုညမဲနဲ့ မြန်မာဘက်က အနိုင်ရရှိခဲ့ပါတယ်။

အားလုံးကို ခြုံငုံသုံးသပ်လိုက်ရင်တော့ မြန်မာရှုံးတယ်လို့ပြောလို့မရဘဲ ဂမ်ဘီယာနိုင်ငံဘက်က လိုလားတဲ့ ဘင်္ဂါလီတွေ နိုင်ငံသားဖြစ်ခွင့်ရရှိရေး၊ ကျူးလွန်သူတွေကို ICC တရားရုံးကို လွှဲပြောင်းပေးအပ်ရေးနဲ့ လျော်ကြေးငွေများ မတန်တဆရရှိရေးဆိုတဲ့အချက်တွေကို လုံးဝမရရှိဘဲ မြန်မာအစိုးရအနေနဲ့ ကိုယ့်ရဲ့အချုပ်အခြာအာဏာအတိုင်း ရပ်တည်ဆောင်ရွက်ခွင့်ရရှိသွားတာပဲ ဖြစ်ပါတယ်။

မြန်မာအစိုးရအနေဖြင့် ICJ တရားရုံးကို သွားရောက်ရင်ဆိုင်မှုမပြုခဲ့ရင် ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီကာလမှာ တစ်ဖက်သတ်ဆုံးဖြတ်ချက်နဲ့ အမှုကအဆုံးသတ်သွားမှာဖြစ်ပြီး ၁၅ မဲ သုညမဲနဲ့ နိုင်ငံရဲ့နယ်မြေကို ဖဲ့ထုတ်သွားရန်ရည်ရွယ်ချက်ကို တားဆီးလိုက်နိုင်ခြင်းဟာ မြန်မာနိုင်ငံအတွက် အမြတ်ရရှိခြင်း ဖြစ်ပါတယ်။

ယခုဆုံးဖြတ်ချက်များကို လေ့လာသုံးသပ်ပြီး တခြားအချုပ်အခြာအာဏာပိုင် နိုင်ငံများနည်းတူ မြန်မာအစိုးရအနေဖြင့် အမျိုးသားအကျိုးစီးပွားနဲ့ ပကတိအခြေအနေတွေအပေါ်မှာမူတည်ပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ရာမှာ သံတမန်ရေးအရလည်း မိတ်ဖက်နိုင်ငံကြီးတွေရဲ့ အကူအညီကိုရယူပြီး နိုင်ငံတကာမျက်နှာစာမှာ လှုပ်ရှားဆောင်ရွက်သွားဖို့လည်း လိုပါလိမ့်မယ်။

နိုင်ငံတကာအသိုင်းအဝိုင်းကလည်း မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာလွတ်လပ်မှုနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေးကိုလေးစားပြီး မြန်မာနိုင်ငံရင်ဆိုင်နေရတဲ့ အခက်အခဲနဲ့စိန်ခေါ်မှုများကို ဓမ္မဓိဋ္ဌာန်ကျကျရှုမြင်သင့်ပြီး အခြေအနေပိုမိုကောင်းမွန်စေရေးအတွက် အပြုသဘောဖြင့် ပူးပေါင်းပါဝင်သင့်ပါတယ်။ ဆုံးဖြတ်ချက်ချမှတ်ခဲ့တဲ့ တရားသူကြီးများအကြား သဘောထားအမြင် ကွဲပြားမှုများရှိနေပြီး ရှုပ်ထွေးရှည်လျားတဲ့ တရားရုံးဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံအစိုးရအနေဖြင့် အချိန်ယူအလေးထား လေ့လာသွားမှာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။

အားလုံးကို အနှစ်ချုပ်လိုက်ရင် မြန်မာနိုင်ငံသားများအနေဖြင့် ICJ ရဲ့ ဆုံးဖြတ်ချက်အပေါ် အလွန်အမင်းစိုးရိမ်ပူပန်စရာမလိုဘဲ ကိုယ့်နိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားနဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် တစ်နိုင်ငံလုံးရဲ့စည်းလုံးညီညွတ်မှုအင်အားနဲ့ နိုင်ငံတော်အစိုးရ၊ တပ်မတော်နဲ့ပြည်သူတို့ လက်တွဲညီညီပူးပေါင်းဆောင်ရွက်သွားမယ်ဆိုရင် ဘယ်လိုအနှောင့်အယှက် အခက်အခဲမဆို ရင်ဆိုင်ကျော်လွှားကာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း အသိပေးအပ်ပါတယ်။ ။


မင်းခန့်

#Myanmar #News 

မူရင်းသတင်း — Myanmar National Post