
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်
ဗီယက်နမ်နိုင်ငံမှာ မူးယစ်ဆေးဝါးမှောင်ခိုမှုနဲ့ အခြားပြစ်မှုအချို့အတွက် သေဒဏ်ပေးမှုကို နိုဝင်ဘာ ၂၀ ရက် သောကြာ နေ့မှာ ဖျက်သိမ်းလိုက်ပြီး အခုနောက်ပိုင်း သေဒဏ်ပေးနိုင်တဲ့ ပြစ်မှု ၄ မျိုးပဲ ကျန်တော့မှာဖြစ်တယ်လို့ ဗီယက်နမ် သတင်းတွေမှာ ဖော်ပြထားပါတယ်။
ကွန်မြူနစ်ဗီယက်နမ်နိုင်ငံမှာ ၂၀၁၃ ခုနှစ်က ပစ်ခတ်ကွပ်မျက်မှုကို ရပ်ဆိုင်းပြီးနောက် သေဒဏ် ပေးရာမှာ အဆိပ်ထိုး ကွပ်မျက်တဲ့နည်းလမ်းကို အသုံးပြုနေပါတယ်။ ဒါပေမယ့် နှစ်စဉ် ဘယ်နှစ်ဦးကို သေဒဏ်ပေးကွပ်မျက်နေတယ် ဆိုတာကိုတော့ အစိုးရက တရားဝင်ထုတ်ပြန်ခြင်း မရှိပါဘူး။
Amnesty International ရဲ့ ခန့်မှန်းချက်အရ ၂၀၂၃ ခုနှစ်အကုန်မှာ ဗီယက်နမ်နိုင်ငံအတွင်း သေဒဏ်ချ မှတ်ခံထားရသူ ၁ , ၂၀၀ ကျော် ရှိခဲ့ပါတယ်။ စက်တင်ဘာလအတွင်းမှာလည်း ပြင်သစ်နိုင်ငံကနေ ဗီယက်နမ်နိုင်ငံကို မူးယစ်ဆေးဝါး မှောင်ခိုသယ်ဆောင်မှုနဲ့ လူ ၁၁ ဦးကို သေဒဏ်ချမှတ်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
သောကြာနေ့မှာ အမျိုးသားလွှတ်တော်က အတည်ပြုလိုက်တဲ့ ပြင်ဆင်ထားတဲ့ ရာဇဝတ်ဥပဒေအရ သေဒဏ်ပေးနိုင်တဲ့ ပြစ်မှုတွေက နိုင်ငံတော်သစ္စာဖောက်မှု၊ လူသတ်မှု၊ အကြမ်းဖက်မှုနဲ့ မူးယစ်ဆေးဝါး တရားမဝင်ထုတ်လုပ်မှုတို့ ဖြစ်ပါ တယ်။
မူးယစ်ဆေးဝါးမှောင်ခိုမှုအပြင် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှု၊ ပုန်ကန်မှုနဲ့ အရွယ် မရောက်သေးတဲ့ ကလေးကို မုဒိမ်းမှုတို့အတွက်လည်း သေဒဏ်ကို ဖျက်သိမ်းပြီး အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ်တစ်သက်ကို သတ်မှတ်လိုက်ပါတယ်။
ဒါဟာ ၁၉၈၅ ခုနှစ် ရာဇဝတ်ဥပဒေမှာ ပြစ်မှု ၄၄ မျိုးအထိ သေဒဏ်ပေးနိုင်ခဲ့ရာကနေ သေဒဏ်ပေးနိုင်တဲ့ ပြစ်မှုတွေကို တဖြည်းဖြည်း လျှော့ချလာတဲ့ အစီအစဉ်ရဲ့ နောက်ဆုံးအဆင့်တစ်ခု ဖြစ်ပါတယ်။
အမျိုးသားလွှတ်တော်အမတ်တချို့က မူးယစ်ဆေးဝါးမှောင်ခိုမှုအတွက် သေဒဏ်ကို ဖျက်သိမ်းဖို့အပေါ် အရင်က သဘောမတူမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ပြည်သူ့လုံခြုံရေးဝန်ကြီး လွန်းတမ်ကွမ်က မူးယစ်ဆေးဝါး မှောင်ခိုသူ တချို့ဟာ လှည့်ဖြားခံရတာ၊ လိမ်လည်ခံရတာ ဒါမှမဟုတ် အတင်းအကျပ် ခိုင်းစေခံရတာတွေ ရှိကြောင်း အထောက် အထားတွေက ပြသနေတယ်လို့ ပြောပါတယ်။
သူတို့ကို ပြန်လည်ပြုပြင်ပေးနိုင်၊ ပညာပေးနိုင်ပြီး ကျူးလွန်ခဲ့တဲ့လုပ်ရပ်တွေအတွက် ပြန်လည်ပေး ဆပ်ပြင်ဆင်ခွင့် ပေးနိုင်တာကြောင့် သေဒဏ်ချမှတ်ဖို့ မလိုအပ်ဘူးလို့ လွန်းတမ်ကွမ်က ပြောပါတယ်။
Ref – CNA