

နိုင်ငံတကာတရားရုံး (ICJ) ၏ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့ အပြီးသတ်စီရင်ချက်အပေါ် ပြည်သူ့ရှေ့ဆောင်ပါတီ၏ သဘောထားထုတ်ပြန်ချက် ကို ၂ဝ၂၆ ခုနှစ်၊ နိုဝင်ဘာလ၊ (၂၂) ရက်နေ့တွင် ထုတ်ပြန်ထားရာ အပြည်ပြည်ဆိုင်ရာတရားရုံး၏ စီရင်ချက်တွင်ပါရှိသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် အမျိုးသားအကျိုးစီးပွားကို ထိခိုက်စေနိုင်သည့် တရားမမျှတစွာ စီရင်ဆုံးဖြတ်မှုများကို လုံးဝ (လုံးဝ) လက်မခံနိုင်ပါကြောင်း ဖော်ပြထားသည်။
ပြည်သူ့ရှေ့ဆောင်ပါတီ၏ ထုတ်ပြန်ချက်တွင် -
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် နိုင်ငံတကာတရားရုံး (International Court of Justice - ICJ) မှ (ဂမ်ဘီယာနှင့် မြန်မာ) အပေါ်ချမှတ်ခဲ့သည့် အပြီးသတ်စီရင်ချက်ကို ပြည်သူ့ရှေ့ဆောင်ပါတီအနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ ရေရှည်အကျိုးစီးပွား၊ နိုင်ငံတကာ ဥပဒေစံနှုန်းများနှင့်အညီ အလေးအနက် လေ့လာသုံးသပ်လျက်ရှိပါသည်။
အဆိုပါစီရင်ချက်တွင် မြန်မာနိုင်ငံအား လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ရာတွင်တာဝန်ရှိ ကြောင်းဆုံးဖြတ်ခဲ့သည့် အဓိကအချက်သည် တရားရုံးတစ်ရပ်လုံး တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ခြင်း မဟုတ်ဘဲ တရားသူကြီး ၉ မဲ - ၆ မဲ ဖြင့်သာ မဲကွဲလွဲဆုံးဖြတ်ခဲ့ခြင်းကို တွေ့ရှိရပါသည်။ ICJ ဒုတိယဥက္ကဋ္ဌအပါအဝင် တရားသူကြီး ၆ ဦးက အဆိုပါအဓိကဆုံးဖြတ်ချက်အပေါ် ကန့်ကွက်မဲပေးခဲ့ ကြခြင်းသည် လူမျိုးတုံးသတ်ဖြတ်လိုသော အထူးရည်ရွယ်ချက် (Dolus Specialis)၊ သက်သေပြရန် စံနှုန်းနှင့် နိုင်ငံတော်၏ တိုက်ရိုက်တာဝန်ရှိမှုဆိုင်ရာ ဥပဒေအဓိပ္ပာယ် ဖွင့်ဆိုချက်များအပေါ် နိုင်ငံတကာ တရားသူကြီးများအကြား၌ပင် လေးနက်သော ဥပဒေအမြင်ကွဲလွဲမှုများရှိနေကြောင်း ထင်ရှားစေပါ သည်။ သို့ဖြစ်ရာ နိုင်ငံတော်၏အချုပ်အခြာအာဏာနှင့် ရခိုင်ပြည်နယ်၏ ရှုပ်ထွေးနက်နဲသော မြေပြင် လုံခြုံရေးအခြေအနေများကို ထောက်ရှု၍ အဆိုပါစီရင်ချက်ပါ အဓိက ဥပဒေကောက်ချက်များနှင့် သက်သေအထောက်အထား သုံးသပ်မှုအချို့ အပေါ် ပါတီအနေဖြင့် အပြည့်အဝ သဘောတူလက်ခံ နိုင်ခြင်းမရှိပါကြောင်း လေးစားစွာ ဖော်ပြအပ်ပါသည်။
ထို့အပြင် စီရင်ချက်၌ပင် စာချုပ်အပိုဒ် ၂ (ဂ) ပါ ရုပ်ပိုင်းဆိုင်ရာ ပျက်သုဉ်းစေရန် လူနေမှု အခြေအနေများ တမင်ဖန်တီးခြင်း စွပ်စွဲချက်ကို သက်သေမပြနိုင်ကြောင်း ဆုံးဖြတ်ခဲ့ခြင်း၊ တိုက်ရိုက်နှင့် လူသိရှင်ကြား လှုံ့ဆော်မှု စွပ်စွဲချက်ကို ၁၄-၁ မဲဖြင့် ပယ်ချခဲ့ခြင်းနှင့် ကျန်တောင်းဆိုချက်များကို ၁၅-၀ မဲဖြင့် ပယ်ချခဲ့ခြင်းတို့သည် ယခုအမှု၏ အချက်အလက်နှင့် ဥပဒေကြောင်းဆိုင်ရာ ရှုပ်ထွေးမှုကို ထင်ဟပ်လျက်ရှိပါသည်။
အပြည်ပြည်ဆိုင်ရာတရားရုံး၏ စီရင်ချက်ပါ အဓိကဥပဒေကောက်ချက်အပေါ် သဘောထား ကွဲလွဲသော်လည်း နိုင်ငံတကာဥပဒေစံနှုန်းများနှင့် တရားဥပဒေစိုးမိုးရေးမူဝါဒကို အစဉ်အလေးထား ပါသည်။ မည်သည့်လူမျိုးစု၊ ဘာသာရေးအသိုင်းအဝိုင်းအပေါ်မဆို ကျူးလွန်သည့် အကြမ်းဖက်မှုများ နှင့်လူ့အခွင့်အရေးချိုးဖောက်မှုများကို လုံးဝဆန့်ကျင်ပြီး ဖြစ်ပွားခဲ့သည့် ပဋိပက္ခများအတွင်း ဥပဒေ ချိုးဖောက်မှုများရှိခဲ့ပါက ပြည်တွင်းတရားစီရင်ရေးစနစ်ဖြင့် ပွင့်လင်းမြင်သာစွာ စုံစမ်းစစ်ဆေး အရေးယူခြင်းနှင့် လိုအပ်သော ပြည်တွင်းဥပဒေပြဋ္ဌာန်း ပြုပြင်ပြောင်းလဲခြင်းများဆောင်ရွက်ရန် အခိုင်အမာ နားလည်လက်ခံသဘောတူပါသည်။
ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြသည့် ဒေသခံပြည်သူအားလုံး၏ ဘေးကင်းလုံခြုံရေး၊ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ရရှိရေးနှင့် နေရပ်စွန့်ခွာသူများအရေးအား တည်ဆဲ ဥပဒေများ၊ နိုင်ငံတကာစံနှုန်းများနှင့်အညီ လူ့ဂုဏ်သိက္ခာရှိရှိ ရေရှည်တည်တံ့သော အဖြေရှာနိုင်ရေး တို့သည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရေးအတွက် အဓိက ကျကြောင်း ယုံကြည်ပါသည်။
စီရင်ချက်အရ လာမည့် ၂ နှစ်အတွင်း ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် နိုင်ငံတကာ သံတမန်ရေးရာစိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရာတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ရပ်တည်မှုများကို အစဉ်တစိုက်ထောက်ခံအားပေး ရပ်တည်သွားမည်ဖြစ်ကြောင်းနှင့် အပြည်ပြည်ဆိုင်ရာတရားရုံး၏ စီရင်ချက်တွင်ပါရှိသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် အမျိုးသားအကျိုးစီးပွားကို ထိခိုက်စေနိုင်သည့် တရားမမျှတစွာ စီရင်ဆုံးဖြတ်မှုများကို လုံးဝ (လုံးဝ) လက်မခံနိုင်ပါကြောင်း လေးနက်စွာ သတင်း ထုတ်ပြန်အပ်ပါသည်။
#Myanmar #News