Myanmar National Post

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ တန်ဆောင်တိုင်ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲတွင် ပြည်သူများဖြင့် အထူးစည်ကား



ရန်ကုန်  ၊  နိုဝင်ဘာ ၂၂

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်ပန်းခြံ၌ ကျင်းပလျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး တန်ဆောင်တိုင်ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲကြီးတွင်ပြည်သူများ တစ်ခဲနက်လာရောက်ဆင်နွှဲကြသဖြင့် အထူးစည်ကားလျက်ရှိပြီး ပျော်ရွှင်ကြည်နူးဖွယ်အငွေ့အသက်များနှင့်အတူ မိသားစုများ၊ မိတ်ဆွေသူငယ်ချင်းများ စုပေါင်းလာရောက်လည်ပတ်ကြပြီး ဈေးဝယ်ခြင်း၊ အစားအသောက် မျိုးစုံ မြည်းစမ်းခြင်းနှင့် ဂီတဖျော်ဖြေပွဲများကို ကြည့်ရှုအားပေးခြင်းတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ဖြတ်သန်းလျက်ရှိကြသည်။

အဆိုပါပွဲတော်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME)၊ သမဝါယမလုပ်ငန်းများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ထုတ်ကုန်ပစ္စည်းများ၊ စားသောက်ဆိုင်ခန်းများအပါအဝင် ဆိုင်ခန်းပေါင်း (၄၀၀) ခန်းကျော်ဖြင့် ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ပွဲတော်ရက်များအတွင်း အလှူရှင်များက နေ့စဉ် စတုဒီတာကျွေးမွေးခြင်းများဖြင့် စည်းကားလျက်ရှိသည်။

ထို့ပြင် ပြည်သူများအတွက် ဈေးဝယ်ယူစားသုံးရေးအဆင်ပြေစေသည့်အပြင် ဒေသထွက်ကုန်ပစ္စည်းများနှင့် ပြည်တွင်းထုတ်ကုန်များကို ပိုမိုမိတ်ဆက်မြှင့်တင်ပေးနိုင်သည့် ပွဲတော်တစ်ရပ်လည်းဖြစ်သည်။ ညအချိန်တွင်ရောင်စုံအလှမီးများ ထွန်းလင်းတောက်ပနေသည့် ရင်ပြင်ပန်းခြံအတွင်း ရုပ်ရှင်၊ သဘင်နှင့် ဂီတနယ်ပယ်မှ ထင်ရှားကျော်ကြားသော အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများ အလှပန်းခင်းများ၊ အလှမီးများနှင့် မီးရှူးမီးပန်းများ ပစ်ဖောက်မည်ဖြစ်၍ မည်သူမဆို ပျော်ရွှင်စွာ လာရောက်ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။

အဆိုပါ တန်း​ဆောင်တိုင်ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲကြီးကို (၂၁-၁၁-၂၀၂၆) ရက်မှ (၂၄-၁၁-၂၀၂၆) ရက်‌နေ့အထိ လေးရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ပြီး ပွဲတော်ရက်များအတွင်း အနုပညာဖျော်ဖြေတင်ဆက်မှုများကို ထည့်သွင်းကျင်းပသွားမည်ဖြစ်သည်။ ထို့ပြင်ပွဲတော်လာပြည်သူများ သွားလာရေးအဆင်ပြေချောမွေ့စေရန် YBS ယာဉ်များဖြင့် အကြိုအပို့စီစဉ်ဆောင်ရွက်ပေးထားရာ တန်ဆောင်တိုင်အခါသမယတွင် မိသားစုနှင့်အတူ အပန်းဖြေအနားယူနိုင်ခြင်း၊ ပြည်တွင်းထုတ်ကုန်များကို အားပေးဝယ်ယူနိုင်ခြင်းနှင့် မြန်မာ့ရိုးရာပွဲတော် အငွေ့အသက်များကို စုပေါင်းခံစားနိုင်ခြင်းတို့ကြောင့် ပြည်သူများအတွက် ပျော်ရွှင်ဖွယ်ရာ အမှတ်တရပွဲတော်တစ်ရပ် ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

ကျော်ဆန်းမြင့်     

https://t.me/MyanmarNationalPost

မူရင်းသတင်း — Myanmar National Post