
တပ်မတော်စစ်ကြောင်းများက အင်းတော် - ဝန်းသို - ကောလင်း - ကျွန်းလှ- ကန့်ဘလူလမ်းကြောင်းကို အလုံးစုံပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း သိရသည်။
PDF ပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသည့် မြို့၊ ရွာများနှင့် ဆက်သွယ်ရေးလမ်းကြောင်းများအား တပ်မတော်စစ်ကြောင်းများအနေဖြင့် အမြန်ဆုံးပြန်လည်သိမ်းပိုက်ထိန်းချုပ်ရေး အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter – Terrorism Opera-tion) ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာ PDF ပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသည့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အဓိကအရေးပါသည့် ဆက်သွယ်ရေးလမ်းကြောင်းများဖြစ်သော အင်းတော် - ဝန်းသို - ကောလင်း- ကျွန်းလှ-ကန့်ဘလူ လမ်းကြောင်းနှင့် အင်းတော် - ကျောက်တန်း- စပ္ပါယ်နံသာ လမ်းကြောင်းများအား ပြန်လည်ထိန်းချုပ်ဖွင့်လှစ်ပေးနိုင်ရေးအတွက် နိုဝင်ဘာ ၁၅ ရက်တွင် အဆိုပါလမ်းကြောင်းများပေါ်ရှိ သင်တောကျေးရွာနှင့် ဥတုံးပင်ကျေးရွာတို့အထိ အဆင့်ဆင့်ပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ တပ်မတော်စစ်ကြောင်းများက ဝန်းသို-ကောလင်း-ကျွန်းလှ-ကန့်ဘလူ လမ်းကြောင်းနှင့် ကျောက်တန်း-စပ္ပါယ်နံသာ လမ်းကြောင်းများတစ်လျှောက် နယ်မြေရှင်းလင်းခြင်းလုပ်ငန်းများကို ဆက်လက်ကြိုးပမ်းဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၁၆ ရက်တွင် ကံကြီး (အရှေ့) ကျေးရွာနှင့် ကံကြီး (အနောက်) ကျေးရွာအားလည်းကောင်း၊ နိုဝင်ဘာ ၁၇ ရက်တွင် ချပ်သင်းကျေးရွာနှင့် ပုဏ္ဏားငယ်ကျေးရွာ၊ တောင်ပုံကျေးရွာနှင့် ဟင်းသော်ကျေးရွာတို့အားလည်းကောင်း၊ နိုဝင်ဘာ ၁၈ ရက်တွင် လှည်းဘွဲ့ကျေးရွာနှင့် အုန်းခြောက်လုံးတဲစုကျေးရွာတို့အားလည်းကောင်း၊ နိုဝင်ဘာ ၁၉ ရက်တွင် ချပ်ကြီးကျေးရွာနှင့် ပန်းခုံသာကျေးရွာတို့အားလည်းကောင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး နိုဝင်ဘာ ၂၀ ရက်တွင် ကျွန်းလှမြို့မှတစ်ဆင့် ကန့်ဘလူမြို့သို့ရောက်ရှိခဲ့ရာ အင်းတော် - ဝန်းသို - ကောလင်း - ကျွန်းလှ- ကန့်ဘလူလမ်းကြောင်းကို အလုံးစုံပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်းနှင့် အင်းတော် - ကျောက်တန်း - စပ္ပါယ်နံသာလမ်းကြောင်းအား အလုံးစုံပြန်လည်သိမ်းပိုက်နိုင်ရေးအတွက်လည်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တပ်မတော်အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အဓိကအရေးပါသော ဆက်သွယ်ရေးလမ်းကြောင်းများဖြစ်သည့် အင်းတော် - ဝန်းသို - ကောလင်း - ကျွန်းလှ - ကန့်ဘလူလမ်းကြောင်းနှင့် အင်းတော် - ကျောက်တန်း - စပ္ပါယ်နံသာ လမ်းကြောင်းများအား ပြန်လည်ထိန်းချုပ်ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်ရာတွင် အောက်တိုဘာ ၅ ရက်မှ နိုဝင်ဘာ ၂၁ ရက်အထိ တိုက်ပွဲကြီး/ငယ် စုစုပေါင်း အကြိမ် (၅၀) ဖြစ်ပွားခဲ့ကာ အလောင်း ၂၅ လောင်း၊ လက်နက်မျိုးစုံ ၂၅ လက်၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ၊ ပစ်ကျင်းများ၊ ဘန်ကာများ၊ လူနေတဲများ၊ ဖောက်ခွဲဖျက်ဆီးရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ အခြားအသုံးအဆောင်ပစ္စည်းများ၊ အများပြည်သူအသုံးပြုသွားလာနေသည့် အဓိကဆက်သွယ်ရေးလမ်းမကြီးများအပါအဝင် ကျေးရွာလမ်းများနှင့် အဆောက်အအုံများ အကြား၌ ထောင်ထားသည့် ပီပါခွံဖြင့် ပြုလုပ်ထားသော မိုင်းများအပါအဝင် အရွယ်အစားအမျိုးမျိုးရှိသော လက်လုပ်မိုင်း (၂၃၆) လုံးတို့ကို သိမ်းပိုက်ရရှိခဲ့ကြာင်း သိရသည်။