
စော (NP News) - နိုဝင်ဘာ ၂၃
ရေကြောင်းလုံခြုံရေး ပင်လယ်ပြင်လေ့ကျင့်ခန်းအား လာမည့် (နိုဝင်ဘာလမှ ၂၅) ရက်မှ (၂၉)ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်၍ လေယာဉ်၊ ရဟတ်ယာဉ်များ အမြင့်ပေ (၁၅၀၀၀)အောက်များ ဖြတ်သန်းခြင်းမပြုရန် အသိပေးထုတ်ပြန်ထားသည်။
အဆိုပါကာလအတွင်း ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းရေပြင်၌ ရေပြင်၊ ဝေဟင်၊ ရေအောက်လေ့ကျင့်ခန်းများနှင့် လက်နက်လေ့ကျင့်ပစ်ခတ်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်သွားမည်ဖြစ်၍ လေ့ကျင့်ခန်းဧရိယာအဖြစ် Point A မြောက်လတ္တီတွဒ် ၁၂ ဒီဂရီ ၅၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၄၀ မိနစ်၊ Point B မြောက်လတ္တီတွဒ် ၁၂ ဒီဂရီ ၅၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၄၀ မိနစ်၊ Point C မြောက်လတ္တီတွဒ် ၁၁ ဒီဂရီ ၅၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၄၀ မိနစ်၊ Point D မြောက်လတ္တီတွဒ် ၁၁ ဒီဂရီ ၅၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၄၀ မိနစ်စသည့် Coordinates အမှတ်များ ဆက်ဆွဲထားသည့် ဧရိယာအား သတ်မှတ်ထားရှိပြီး ရေကြောင်းသတိပေးချက်နှင့် လေကြောင်းသတိပေးချက်တို့အား ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
ထို့ကြောင့် ကျင့်ခန်း ဆောင်ရွက်စဉ်ကာလအတွင်း ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အဆိုပါဧရိယာမှ (၅) မိုင် ပတ်လည်အား သင်္ဘောကြီး/ငယ်များ၊ ကုန်တင်ရေယာဉ်/စက်လှေများ၊ ငါးဖမ်းရေယာဉ်/လှေများ၊ စက်တပ်သမ္ဗန်များ ဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်းကိရိယာများချထားခြင်း မရှိစေရန်နှင့် လေယာဉ်၊ ရဟတ်ယာဉ်များ အမြင့်ပေ ၁၅,၀၀၀ (တစ်သောင်းငါးထောင်) အောက် ဖြတ်ကျော်ပျံသန်းခြင်းမပြုကြရန် အသိပေးထုတ်ပြန်ထားသည်။