Myanmar Digital News

ပုသိမ်မြို့၌ တန်ဆောင်တိုင်ပွဲတော်အထိမ်းအမှတ် MSME ပြပွဲ၊ ဈေးရောင်းပွဲနှင့် တေးဂီတဖျော်ဖြေပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ပုသိမ် နိုဝင်ဘာ ၂၂

 

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော တန်ဆောင်တိုင်ပွဲတော် အထိမ်းအမှတ် MSME ပြပွဲ၊ ဈေးရောင်းပွဲနှင့် တေးဂီတဖျော်ဖြေပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ပုသိမ်မြို့ကမ်းနားလမ်း မြို့တော်ခန်းမ ရှုခင်းသာရင်ပြင်ရှေ့၌ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးသည်။

 

ပေးအပ်

 

ဦးစွာ တန်ဆောင်တိုင်ပွဲတော် အထိမ်းအမှတ် MSME ပြပွဲ၊ ဈေးရောင်းပွဲနှင့် တေးဂီတဖျော်ဖြေပွဲ ဖွင့်ပွဲအခမ်းအနားကို တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် အသေးစား၊ အငယ်စားနှင့် အလတ်စား ထုတ်ကုန်ပြခန်းများနှင့် ဈေးဆိုင်ခန်းများကို လှည့်လည်ကြည့်ရှုအားပေးပြီး ခရိုင်အလိုက်၊ မြို့နယ်အလိုက် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ဒေသထွက်ကုန်များ ပိုမိုထုတ်လုပ်စေရေး၊ စားသောက်ကုန်များကိုလည်း ပြည်တွင်းဈေးကွက်သာမက ပြည်ပစျေးကွက်များအထိ တင်ပို့ရောင်းချနိုင်စေရေး၊ ထုပ်ပိုးမှုပိုမိုသေသပ်ကောင်းမွန်စေရေးနှင့် ထုတ်လုပ်မှုစနစ်များ အဆင့်မြှင့်တင်နိုင်ရေး ကြိုးစားဆောင်ရွက်ကြရန် မှာကြားသည်။

 

ဆက်လက်၍ တိုင်း‌ဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တေးဂီတဖျော်ဖြေပွဲကို ပြည်သူများနှင့်အတူ ကြည့်ရှုအားပေးပြီး ဖျော်ဖြေရေးအဖွဲ့များအတွက် ချီးမြှင့်ငွေများပေးအပ်သည်။ တန်ဆောင်တိုင်ပွဲတော် အထိမ်းအမှတ် MSME ပြပွဲ၊ ဈေးရောင်းပွဲနှင့် တေးဂီတဖျော်ဖြေပွဲကို နိုဝင်ဘာ ၂၂ ရက်မှ ၂၄ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ခရိုင်ရှစ်ခရိုင်၊ မြို့နယ် ၂‌၆ မြို့နယ်မှ အသေးစား၊ အငယ်စားနှင့် အလတ်စား ထုတ်ကုန်ပြခန်း ၂၆ ခန်းကို ပြသသွားမည်ဖြစ်သည့်အပြင် တန်ဆောင်တိုင်ပွဲတော် ကာလအတွင်း အများပြည်သူ စိတ်အပန်းပြေစေရန်အတွက် နိဗ္ဗာန်ဈေးပွဲတော်၊ ဆီမီးမျှောပွဲတို့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး နိုင်ငံကျော် တေးသံရှင်များကလည်း ယနေ့ညမှစတင်ကာ နိုဝင်ဘာ ၂၄ ရက်အထိ ညစဉ် ၇ နာရီတွင် တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ရာ မည်သူမဆိုလာရောက် ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News