Myanmar Digital News

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ဈေးရောင်းပွဲတော်နှင့် ဖျော်ဖြေရေး အစီအစဉ်များသို့ ပါဝင်ဆင်နွှဲကြသူများဖြင့် ကြက်ပျံမကျစည်ကား



နေပြည်တော် နိုဝင်ဘာ ၂၂

 

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ ဘုရားဖူးလာရောက်ကြသည့် ပြည်သူများ စိတ်အပန်းပြေစေရေးနှင့် ဒေသထွက်ကုန်များ၊ စားသောက်ဖွယ်ရာများကို တစ်နေရာတည်းတွင် ဝယ်ယူစားသောက်နိုင်ရန်ရည်ရွယ်၍ တန်ဆောင်တိုင်ဈေးရောင်းပွဲတော်၊ ဇာတ်ပွဲသဘင်နှင့် နိုင်ငံကျော်တေးသံရှင်များ၏ ဖျော်ဖြေရေးအစီအစဉ်များကို ယနေ့တွင် ပထမနေ့အဖြစ် မာရဝိဇယဗုဒ္ဓဥယျာဉ်တော် မြောက်ဘက်ဝတ္ထုကံမြေပေါ်ရှိ သတ်မှတ်နေရာများ၌ စတင်ကျင်းပလျက်ရှိရာ ဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့် အနယ်နယ်အရပ်ရပ်မှ ပြည်သူများ ပါဝင်ဆင်နွှဲကြသဖြင့် ကြက်ပျံမကျ စည်ကားလျက်ရှိသည်။

 

တန်ဆောင်တိုင် ဈေးရောင်းပွဲတော်သို့ လာရောက်လည်ပတ်ကြသည့် ဘုရားဖူးပြည်သူများ ဒေသထွက်လက်ဆောင်များ၊ အမှတ်တရလက်ဆောင်ပစ္စည်းများ လေ့လာဝယ်ယူနိုင်ရန်နှင့် အစားအသောက် အဆင်ပြေစေရန်အတွက် ဒေသအလိုက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) ထုတ်ကုန်ပြခန်းများ၊ တိုင်းရင်းသားရိုးရာ အစားအစာပြခန်းများ၊ ဒေသထွက်မြန်မာ့ ရိုးရာမုန့်ဆိုင်များ၊ One Region One Product (OROP) ထုတ်ကုန်ပစ္စည်းပြခန်းများ၊ နေပြည်တော်ကောင်စီနယ်မြေမှ MSME စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များ၊ အိမ်တွင်းလက်မှုအနုပညာ အရောင်းပြခန်း၊ ရိုးရာအဝတ်အထည်များ၊ တိုင်းရင်းသားရိုးရာ အစားအစာများနှင့် မြန်မာ့ရိုးရာအစားအစာ အရောင်းဆိုင်များစသည်ဖြင့် ဈေးဆိုင်ခန်းပေါင်း ၅၂၀ ဖွင့်လှစ် ၍ စိတ်ကြိုက်ဝယ်ယူစားသုံးနိုင်ရန် ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိရာ လေ့လာကြည့်ရှုဝယ်ယူကြသူများဖြင့် အထူးစည်ကားလျက်ရှိသည်။

 

ထိုသို့ စိတ်ဝင်တစားလာရောက် ဝယ်ယူကြသည့် ပြည်သူများကို သက်ဆိုင်ရာပြခန်းများအလိုက် ခင်းကျင်းပြသ ရောင်းချပေးနေကြ သည့် တာဝန်ရှိသူများက ရင်းနှီးနွေးထွေးစွာကြိုဆိုကြပြီး ဒေသထွက် အစားအသောက်များ၊ အမှတ်တရပစ္စည်းများ၊ ဒေသထွက်ကုန်ပစ္စည်းများနှင့် ရိုးရာဝတ်စုံများနှင့် MSME ထုတ်ကုန်များအကြောင်းကို စိတ်အားထက်သန်စွာ ရှင်းလင်းပြသပေးကြသည်ကိုလည်း တွေ့ရသည်၊၊

 

ထို့အတူ ပွဲတော်လာဘုရားဖူးပြည်သူများ မြန်မာ့ဇာတ်သဘင်အနုပညာကို ခံစားကြည့်ရှုနိုင်စေရန်အတွက် အခမဲ့အဖြစ် သူရဝင်းထွဋ် ဇာတ်သဘင်ကို ဖျော်ဖြေရေးအစီအစဉ်တွင် ထည့်သွင်းခဲ့ပြီး ယနေ့ညဇာတ်သဘင် ဖျော်ဖြေတင်ဆက်မှုတွင် ဇာတ်မင်းသား သူရဝင်းထွဋ် ဇာတ်သဘင်အဖွဲ့က ခေတ်မီသည့်စင်မြင့် အပြင်အဆင်များ၊ အသံစနစ်များ၊ ခေတ်မီနည်းပညာရပ်များ၊ ဆိုင်းဝိုင်းကြီးနှင့် အနောက်တိုင်း တူရိယာများဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် တီးခတ်မှုများနှင့်တွဲဖက်၍ သဘင်ပညာရှင်များ၏ စည်းလုံးညီညွတ်မှုကို အဓိကထား၍ လက်၊ ခြေ၊ ခေါင်း၊ ခါး အတိမ်းအစောင်း ညီညွတ်မှုဖြင့် ကရသည့် ယိမ်းအက၊ လူရွှင်တော်အကအဖွဲ့၏ “ရွှေမိုး တွေရွာ” ဟာသကပွဲ၊ နားပန်းဆံ ကပွဲ၊ အဆို၊ အငို၊ အပြောများဖြင့် ဇာတ်၏အနှစ်သာရကို ရုပ်လုံးပေါ်အောင် တင်ဆက်ရသည့် “နံကရိုင်း မယ်တော်” အော်ပရာ၊ ပရိသတ်အကြိုက် ခေတ်ပေါ်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေသည့် စတိတ်ရှိုးအစီအစဉ်၊ ဇာတ်မင်းသား သူရဝင်းထွဋ်၏ အဆို၊ အပြော၊ အက ပညာရပ်များဖြင့် အနုပညာစွမ်းရည်များကို ဂုဏ်ယူအားရဖွယ်တင်ဆက်မည့် “တိမ်ကြားဖွားတဲ့သား” နှစ်ပါးသွားအစီအစဉ်၊ လူရွှင်တော်များ၏ စိတ်နှလုံးပျော်ရွှင်ဖွယ် ဟာသပြက်လုံးများနှင့် ဟာသတစ်ခန်းရပ်များကို ဌာန်ကရိုဏ်းကျကျ၊ စည်းဝါးကျကျ သီဆိုကပြဖျော်ဖြေ တင်ဆက်မှုများသည် အနုသုခုမသဘင်အား ချစ်မြတ်နိုး၍ စိတ်ဝင်တစား လာရောက်အားပေးကြည့်ရှုကြသည့် ပြည်သူများအတွက် ဖရဏာပီတိဂွမ်းဆီထိသည့်ပမာ ဖြစ်ခဲ့ရသည်။

 

ယနေ့ တန်ဆောင်တိုင်ပွဲတော်လာ ဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများ စိတ်အပန်းပြေစေရန် အခမဲ့ခေတ်ပေါ်တေးဂီတ (စတိတ်ရှိုး) ဖျော်ဖြေရေး အစီအစဉ်အဖြစ် သဒ္ဒါနန်းထိုက်၊ မေသက်ထားဆွေ၊ ဝေလာရီ၊ မေလသံစဉ်၊ ဖိုးသောကြာ တို့အပါအဝင် နိုင်ငံကျော်တေးသံရှင်များက DJ များနှင့် Daily Gita Band တို့၏ တီးခတ်မှုနှင့်အတူ ပရိသတ်အကြိုက် တေးသီချင်းများဖြင့် အလှည့်ကျဖျော်ဖြေသီဆိုပေးကြရာ ပျော်ရွှင်တက်ကြွစွာ လာရောက်နားဆင်ခံစားကြသည့် ပြည်သူများဖြင့် အထူးစည်ကားခဲ့သည်။

 

အလားတူ ဘုရားဖူးလာကလေးငယ်များအတွက် အစီအစဉ်ကောင်းတစ်ခုအဖြစ် ထည့်သွင်းထားသည့် ကလေးကစားကွင်းများ၌လည်း ကလေးစီးရထားဝိုင်းနှင့် ချားဝိုင်း၊ ကလေးစီးလှုပ်စိနှင့် ကလေးစီးဒုံး၊ ပျော့အိ၊ ကလေးစီးကားစသည့် ကလေးကစားနည်းများ စုံစုံလင်လင် ထည့်သွင်းထားရာ ကစားနည်းများအလိုက် စိတ်ပျော်ရွှင်ချမ်းမြေ့စွာဖြင့် ကစားနေကြသည့် ကလေးငယ်များ၏ ချစ်စဖွယ်ပုံရိပ်များကိုလည်း တွေ့မြင်ရပြီး ရဟတ်၊ ပင်လယ်ဓားပြလှေနှင့် ပျော်ရွှင်ဖွယ်ရာ Game အစီအစဉ်များတွင် ပါဝင်ဆင်နွှဲကြသူများဖြင့် ကြိတ်ကြိတ်တိုး စည်ကားခဲ့သည်။

 

အဆိုပါ တန်ဆောင်တိုင် ဈေးရောင်းပွဲတော်၊ ဇာတ်ပွဲသဘင်နှင့် နိုင်ငံကျော်တေးသံရှင်များ၏ ဖျော်ဖြေမှုအစီအစဉ်များကို နိုဝင်ဘာ ၂၄ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည့်အတွက် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ တန်ဆောင်တိုင် မီးထွန်းပွဲတော်ကြီးကို ဆင်နွှဲကုသိုလ်ယူရင်း ဈေးရောင်းပွဲတော်ကြီးနှင့် ဖျော်ဖြေရေးအစီအစဉ်များသို့လည်း စိတ်ချမ်းမြေ့ပျော်ရွှင်စွာ လာရောက်ဆင်နွှဲနိုင်ကြောင်း သိရသည်။

 

သတင်း - ဟိန်းမင်းစိုး၊ ကျော်စွာဝင်း

ဓာတ်ပုံ - အေးအောင်

မူရင်းသတင်း — Myanmar Digital News