Kanbawza Tai News

တောင်ကြီးတွင် မြို့လုံးကျွတ်ဘုံကထိန် လှည့်လည်

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ မြို့လုံးကျွတ်ဘုံကထိန်လှည့်လည်ပွဲကို ယနေ့ နိုဝင်ဘာလ ၂၃ ရက်၊ နံနက်ပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကထိန်ပဒေသာပင်များကို တောင်ကြီးမြို့၊ မြို့လယ်ဓမ္မာရုံရှေ့မှ ဗိုလ်ချုပ်အောင်ဆန်းလမ်းမတစ်လျှောက် မြို့တွင်းတစ်ပတ် စီတန်းလှည့်လည်ပြီး မြို့လယ်ဓမ္မာရုံသို့ ပြန်လည်ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တောင်ကြီးမြို့ပေါ်ရှိ ရှမ်းပြည်နယ်အစိုးရ၊ ရှမ်းပြည်နယ်လွှတ်တော်၊ ပြည်နယ်တရားလွှတ်တော် အပါအဝင် ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများ၊ ကုမ္ပဏီများ၊ လုပ်ငန်းများ၊ မြို့နေပြည်သူများက ကထိန်ပဒေသာပင်များသီကာ ပါဝင်ဆင်နွှဲ လှူဒါန်းကြခြင်း ဖြစ်ကြောင်း သိရသည်။

မြို့လုံးကျွတ်ဘုံကထိန် လှည့်လည်ရာသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ တာဝန်ရှိသူများ ဦးဆောင်ကာ လှည့်လည်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ မြို့လုံးကျွတ်ဘုံကထိန်မှ လှူဒါန်းထားသည့် ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထု အစုစုတို့ကို တန်ဆောင်မုန်းလပြည့် နေ့၊ နိုဝင်ဘာလ ၂၄ ရက် နံနက်ပိုင်းတွင် တောင်ကြီးမြို့၊ မြို့လယ်ဓမ္မာရုံ၌ ရေစက်သွန်းချ လှူဒါန်းပြီး မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ အချိုးကျခွဲဝေလှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ယနေ့ ညနေပိုင်းတွင် တောင်ကြီးမြို့ ကျက်သရေဆောင် စူဠာမုနိလောကချမ်းသာစေတီတော် ရင်ပြင်၌ မသိုး သင်္ကန်း ယက်လုပ်ပူ‌ဇော်ပြိုင်ပွဲ ပြုလုပ်ပြီး လပြည့်နေ့နံနက် အရုဏ်တက်၌ စူဠာမုနိလောကချမ်းသာစေတီတော် အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များကို ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

နှစ်စဉ်ကျင်းပမြဲဖြစ်သော တောင်ကြီးမြို့ မြို့လုံးကျွတ် မီးပဒေသာ လှည့်လည်ပူဇော်ပြိုင်ပွဲကိုလည်း တန်ဆောင်မုန်း လပြည့်ည၊ နိုဝင်ဘာ ၂၄ ရက်၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Kanbawza Tai News