Myanmar Digital News

၂၀၂၆ ခုနှစ်၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓဥယျာဉ်တန်ဆောင်တိုင် မီးထွန်းပွဲတော်နှင့် မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် နိုဝင်ဘာ ၂၂

 

၂၀၂၆ ခုနှစ်၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓဥယျာဉ်တန်ဆောင်တိုင် မီးထွန်းပွဲတော်နှင့် မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ ရေပန်းရင်ပြင်တော်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။

 

အခမ်းအနားသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယသမ္မတ ဦးညိုစောနှင့်ဇနီး ဒေါ်စမ်းစမ်းအေး၊ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီနှင့်ဇနီး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးနှင့်ဇနီး၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မီးပုံးပျံလွှတ်တင်ရေး ပြိုင်ပွဲဝင်အဖွဲ့များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဘုရားဖူးလာရဟန်းရှင်လူပြည်သူများကလည်း စည်ကားများပြားစွာ လာရောက်ကြည့်ရှုကြသည်။

 

ဦးစွာ နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် အခမ်းအနားကျင်းပမည့်နေရာသို့ ရောက်ရှိကြရာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တိုင်းရင်းသား၊ တိုင်းရင်းသူများ၊ ယဉ်ကျေးမှု၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ ယဉ်ကျေးမှုအဖွဲ့များ၊ အနုပညာရှင်များက မြန်မာ့ရိုးရာမီးပုံးငယ်များကို ကိုင်ဆောင်၍ လှိုက်လှဲနွေးထွေးစွာ ကြိုဆိုကြသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့က ဗုဒ္ဓဥယျာဉ်တန်ဆောင်တိုင် မီးထွန်းပွဲတော်နှင့် မီးပုံးပျံလွှတ်တင် ပူဇော်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

 

ထိုသို့ ဖဲကြိုးဖြတ်ဖွင့်လှစ်သည်နှင့် တစ်ပြိုင်နက်မီးပုံးပျံငယ်များကို အခမ်းအနား တက်ရောက်လာကြသူများက တစ်ပြိုင်နက်လွှတ်တင်ခြင်း၊ မီးရှူးမီးပန်းများ ပစ်ဖောက်ခြင်းနှင့် မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင်တေးသီချင်းဖြင့် ကပြဖျော်ဖြေခြင်းများကို ဆောင်ရွက်ကြရာ နိုင်ငံတော်သမ္မတနှင့်ဇနီး၊ အခမ်းအနား တက်ရောက်လာကြသူများက ကြည့်ရှုအားပေးကြသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီး၊ အဖွဲ့ဝင်များသည် ၂၀၂၆ ခုနှစ်၊ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓဥယျာဉ်တန်ဆောင်တိုင် မီးထွန်းပွဲတော်နှင့် မီးပုံးပျံလွှတ်တင် ပူဇော်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများမှ ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ကြရာ ရိုးရာအကအလှများဖြင့် ကပြဖျော်ဖြေကြသည်။

 

ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့် ဇနီး၊ အခမ်းအနားတက်ရောက် လာကြသူများသည် ညမီးကြီးမီးပုံးပျံများနှင့် စိန်နားပန်မီးပုံပျံများအား ပြိုင်ပွဲဝင်အသင်းများအလိုက် အသီးသီးလွှတ်တင် ပူဇော်ယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေးကြပြီး လာရောက်အားပေးကြသည့် ဘုရားဖူးလာ ရဟန်းရှင်လူပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကြသည်။

 

ထိုကဲ့သို့ မီးပုံးပျံများ လွှတ်တင်ရန်ပြင်ဆင်မှုများ ဆောင်ရွက်နေချိန်တွင် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များကလည်း ရိုးရာအကအလှများဖြင့် ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။

 

ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ တန်ဆောင်တိုင်ပွဲတော်အခါသမယအဖြစ် တန်ဆောင်တိုင် မီးထွန်းပွဲတော်နှင့် မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲကို နှစ်စဉ်စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်လျက်ရှိပြီး ယခုကျင်းပပြုလုပ်သည့် တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲကို နိုဝင်ဘာ ၂၂ ရက်မှ ၂၄ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ပွဲတော်ကာလအတွင်း ရုပ်ပွားတော်မြတ်ကြီး ရင်ပြင်တော်၌ ဝတ်ရွတ်အသင်းများက ရွတ်ဖတ်ပူဇော်ခြင်း၊ ဆီမီး ၉၀၀၀ ထွန်းညှိကပ်လှူပူဇော်ခြင်း၊ မီးရှူးမီးပန်းများ ပစ်လွှတ်ပူဇော်ခြင်း၊ အလှညမီးကြီးနှင့် စိန်နားပန်မီးပုံပျံကြီးများ လွှတ်တင်ပူဇော်ခြင်း၊ မသိုးရွှေကြာသင်္ကန်း ရက်လုပ်ကပ်လှူပူဇော်ခြင်း၊ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း LED မီးများဖြင့်အလှဆင်ပူဇော်ခြင်း၊ ဒေသထွက် မြန်မာ့ရိုးရာမုန့်ဆိုင်များ ခင်းကျင်းပြသရောင်းချခြင်းတို့နှင့်အတူ နိုင်ငံကျော်အနုပညာရှင်များကလည်း တေးဂီတနှင့် ဇာတ်သဘင်ဖျော်ဖြေပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ စီစဉ်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်

မူရင်းသတင်း — Myanmar Digital News