Kanbawza Tai News

အဝေရာမီးပုံးပျံကွင်းအတွင်း လက်ကိုင်ဖုန်း ခါးပိုက်နှိုက်လာသူတစ်ဦးကို ဖမ်းမိ

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ကျင်းပရာ အဝေရာမီးပုံးပျံကွင်းအတွင်း ယမန်နေ့ နိုဝင်ဘာလ ၂၂ ရက်၊ ညနေပိုင်း က လက်ကိုင်ဖုန်း ခါးပိုက်နှိုက် လုယက်လာသူ အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

တောင်ကြီးမြို့မရဲစခန်း တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့ နိုဝင်ဘာလ ၂၂ ရက်၊ ညနေ ၆ နာရီခန့်က အဝေရာမီးပုံးပျံကွင်းအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် မသင်္ကာဖွယ်တွေ့ရှိသူ အဆိုပါ အမျိုးသားကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသူမှာ ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်နေ ဆန်းဦး ဆိုသူဖြစ်ကြောင်း သိရပြီး ၎င်းထံမှ တွေ့ရှိသည့် Redmi 9A အမျိုးအစား လက်ကိုင်ဖုန်းနှင့် ပတ်သက်၍ စစ်ဆေးမေးမြန်းရာ ဖုန်းအား မီးပုံးပျံကွင်းအတွင်း အမျိုးသမီးတစ်ဦး၏ အိတ်ကပ်အတွင်းမှ တိတ်တဆိတ် ခိုးယူခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု သိရသည်။

အဆိုပါ လက်ကိုင်ဖုန်း ခိုးယူလာသူ ဆန်းဦးအား ‌တောင်ကြီးမြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၇၉ (နှိုက်) ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ကျင်းပရာ အဝေရာမီးပုံးပျံကွင်းအတွင်း ခါးပိုက်နှိုက် လုယက်ခံရမှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ပွဲလာပရိသတ်များအနေဖြင့် ဂရုပြုသွားလာကြရန် လိုအပ်ကြောင်း ဒေသခံများက ပြောဆိုနေကြပြီး မီးပုံးပျံဒိုင်အဖွဲ့ကလည်း သတိပေးပြောဆိုလျက်ရှိသည်။

ပွဲတော်ကျင်းပရာ အဝေရာမီးပုံးပျံကွင်းအပြင် တောင်ကြီးမြို့ပေါ် ရပ်ကွက်များရှိ နေအိမ်များတွင်လည်း နေအိမ် ဖောက်ထွင်း ခိုးယူခံရမှုများ မကြာခဏ ဖြစ်ပွားလျက်ရှိပြီး နိုဝင်ဘာလ ၂၀ ရက်၊ ညပိုင်းက ကံကြီးရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် ဖောက်ထွင်းခိုးယူခံရမှု ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

မူရင်းသတင်း — Kanbawza Tai News