
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်
ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် ယမန်နေ့ နိုဝင်ဘာလ ၂၃ ရက်၊ ညပိုင်းက ဘုံကထိန် လှည့်လည်နေသည့် ယာဉ်တန်းမှ ကားတစ်စီးက ရှေ့ကားကို ဝင်တိုက်ပြီး တစ်ဦး သေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
အောင်ပန်းမြို့၊ မင်္ဂလာရပ်ကွက်နေ ယာဉ်မောင်း မောင်မောင် (ခ) မင်းဦး မောင်းနှင်လာသည့် Mazda Mongo အမျိုးအစား အဖြူရောင်ယာဉ်သည် ယမန်နေ့ နိုဝင်ဘာလ ၂၃ ရက်၊ ည ၈ နာရီခန့်က ဘုံကထိန် လိုက်ပါလှည့်လည် နေစဉ် အောင်ပန်းမြို့၊ အမှတ် (၁) ရပ်ကွက်၊ စဝ်စံထွန်းလမ်းနှင့် အောင်မြတ်သာလမ်းဆုံ အရောက်တွင် ရှေ့မှ Hijet ယာဉ်အား ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ တိုက်မိမှုကြောင့် Hijet ယာဉ်သည် ရှေ့တွင် လမ်းလျှောက်နေသူများကို ထပ်မံတိုက်မိပြီး အသက် ၅၄ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးကာ အမျိုးသား ၂ ဦး၊ အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ ယာဉ်မဆင်မခြင် မောင်းနှင်ပြီး အခြားသူများအား သေဆုံး၊ ဒဏ်ရာရရှိ စေသူ ယာဉ်မောင်း မောင်မောင် (ခ) မင်းဦး အား အောင်ပန်းနယ်မြေရဲစန်းတွင် ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/၃၃၈/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။