NP News

တစ်ရက်တည်းတွင် ပေါင်းတည်နှင့် ပုလောတို့၌ အရပ်သား (၂) ဦးကို အကြမ်းဖက်အဖွဲ့များမှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှုဖြစ်ပွား

စိမ့်စမ်းရေ (NP News) - နိုဝင်ဘာ ၂၄
တစ်ရက်တည်းတွင် ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တို့တွင် အရပ်သား (၂) ဦးကို အကြမ်းဖက်အဖွဲ့များမှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှုဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ယမန်နေ့ (နိုဝင်ဘာ ၂၃ ရက်) ၊ မနက် (၇) နာရီခွဲခန့်ကက ပေါင်းတည်မြို့နယ်၊ ပေါက်တောကျေးရွာတွင် အမျိုးသားတစ်ဦးသည် ၎င်း၏လယ်ကွင်းသို့ ကောက်ရိတ်ရန် သွားရောက်စဉ် PDF အဖွဲ့ဝင် (၃) ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် အသက် (၆၃) နှစ်အရွယ် အမျိုးသားသည် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အလားတူ ယင်းနေ့ မနက် (၁၀) နာရီ ခန့်က တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ ကန်သာယာကျေးရွာတွင်က အမျိုးသားတစ်ဦးသည် မြိတ်မြို့မှ ထားဝယ်မြို့သို့ မော်တော်ယာဉ်ဖြင့် သွားရောက်စဉ် ပုလောမြို့နယ်၊ ကဒဲကျေးရွာလမ်းဆုံအနီးတွင် KNU အဖွဲ့နှင့် PDF အဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

မူရင်းသတင်း — NP News