
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်
အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်း၊ ဘန်တန်ပြည်နယ်၊ စီကန်ဒီမြို့က PT Fonusa Agung Mulia သကြားလုံးစက်ရုံမှာ နိုဝင်ဘာ ၂၁ ရက် စနေနေ့ ညနေ ၅ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး လတ်တလော ရုပ်အလောင်းထည့်ထားတဲ့အိတ် ၂၄ အိတ် တွေ့ရှိထားပြီး ပျောက်ဆုံးသူတွေလည်း ရှိနေတယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။
အဲဒီမီးလောင်မှုအတွင်း ၃ ထပ်အဆောက်အအုံတစ်ခုလုံးကို ကူးစက်လောင်ကျွမ်းခဲ့ပြီး အဆောက်အအုံ တချို့လည်း ပြိုကျခဲ့ပါတယ်။
နိုဝင်ဘာ ၂၂ ရက် တနင်္ဂနွေနေ့မှာ မီးကျန်နေရာတွေကို မီးသတ်သမားတွေက ဆက်လက်ငြှိမ်းသတ်ခဲ့ပြီး မီးလောင်ရာ နေရာကနေ အလောင်းတွေ့ရှိထားပြီး အလောင်းထည့်ထားတဲ့ အိတ် ၂၄ အိတ်ကို ရှိနေတာကိုတွေ့ထားတယ်လို့ အခင်း ဖြစ်ပွားရာနေရာကို ရောက်နေတဲ့ သတင်းထောက်က ပြောပါတယ်။
အဲဒီအလောင်းထည့်အိတ်တစ်အိတ်ထဲမှာ လူတစ်ဦးထက်ပိုတဲ့ ရုပ်အလောင်းအစိတ်အပိုင်းတွေ ပါနိုင်တာကြောင့် သေဆုံးသူ ၂၄ ဦးရှိတယ်လို့ အတည်ပြုလို့မရသလို မီးလောင်မှုကြောင့် ရုပ်အလောင်းတွေကို မျက်မြင်နဲ့ ခွဲခြား သတ်မှတ်လို့မရတဲ့အတွက် ဆွေမျိုးတွေဆီက DNA နမူနာတွေနဲ့ ဖော်ထုတ်နေပြီး ဒီလုပ်ငန်းစဉ်ဟာ ၂ ပတ်ကနေ ၃ ပတ်အထိ ကြာနိုင်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
စက်ရုံဘက်က ထုတ်ပြန်ချက်အရ မီးလောင်မှုနဲ့ သက်ဆိုင်တဲ့ အလုပ်သမား ၆၅ ဦးအနက် ၂၄ ဦး အိမ်ပြန်ရောက်ပြီး ၄ ဦး ဆေးကုသမှုခံယူနေကာ ၂၉ ဦး ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ နောက်ထပ် ၈ ဦးရဲ့ အခြေအနေကိုတော့ အတည်ပြု နိုင်ခြင်း မရှိသေးပါဘူး။
ပျောက်ဆုံးနေသူတွေကို ရှာဖွေမှုကို နိုဝင်ဘာ ၂၂ ရက် ညပိုင်းမှာ ယာယီရပ်နားခဲ့ပြီး နိုဝင်ဘာ ၂၃ ရက် တနင်္လာနေ့ မနက်မှာ ပြန်လည်စတင်မယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ မီးလောင်မှုဖြစ်ရတဲ့ အကြောင်းရင်းကိုလည်း ဆက်လက် စုံစမ်းနေပါတယ်။
Ref – Reuters