NP News

ဂျပန်စိုက်ပျိုးရေးလုပ်ငန်းအတွက် တောင်အာရှနိုင်ငံများမှ လုပ်သားများကို ပိုမိုပစ်မှတ်ထားလာ

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၃

ဂျပန်စိုက်ပျိုးရေးခြံများတွင် ဆက်တိုက်ဖြစ်ပေါ်နေသော လုပ်သားရှားပါးမှုကိုဖြေရှင်းရန် ဂျပန်က အသည်းအသန်ကြိုးစားနေချိန်တွင် ဘင်္ဂလားဒေ့ရှ်နှင့် နီပေါကဲ့သို့သော တောင်အာရှနိုင်ငံများမှ လုပ်သားများသည် ဂျပန်စိုက်ပျိုးရေးကဏ္ဍတွင် နေရာရလာပြီး အရှေ့တောင်အာရှမှ နိုင်ငဲများကို ကျော်တက်လာကြောင်းသိရသည်။
ကျွမ်းကျင်နိုင်ငံခြားသားလုပ်သားများကို လေ့ကျင့်ပေးခြင်းနှင့် ထိန်းသိမ်းခြင်းတို့ကို အဓိကလုပ်ဆောင်သည့် တိုကျိုအခြေစိုက် Mirai ကုမ္ပဏီသည် ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့မှ လုပ်သားဝင်ရောက်မှု နှေးကွေးနေချိန်တွင် စိုက်ပျိုးရေးလုပ်ငန်းအတွက် ပထမဆုံး ဘင်္ဂလားဒေ့ရှ်ကိုယ်စားလှယ်လောင်းများကို မိတ်ဆက်ပေးခဲ့ရာ တောင်အာရှသည် လုပ်သားရင်းမြစ်သစ်အဖြစ် ထွက်ပေါ်လာခြင်းကို ပြသနေသည်။

​သြဂုတ်လတွင် ဂျပန်၏ သတ်မှတ်ကျွမ်းကျင်လုပ်သား စိုက်ပျိုးရေးစာမေးပွဲကို အောင်မြင်ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ Mirai ၏ မိတ်ဖက်ကျောင်းတစ်ခုမှ ကျောင်းသားနှစ်ဦးသည် အအိုမိုရီ စီရင်စုရှိ စိုက်ပျိုးရေးကုမ္ပဏီတစ်ခုမှ အလုပ်အကိုင် ကမ်းလှမ်းချက်များ ရရှိခဲ့သည်။၎င်းတို့၏ အရှေ့မြောက်ဒေသသို့သွားရောက်မည့် ခရီးစဉ်သည် လာမည့်လများအတွင်း စတင်မည်ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြောက်ပိုင်းမှ အသက် (၂၁) နှစ်အရွယ် မိုဟာမက် အာဆန်ဟာဘစ် က “ဂျပန်ကိုသွားပြီး ဂျပန်စိုက်ပျိုးရေးအကြောင်း လေ့လာရမှာကို ကျွန်တော် အရမ်းစိတ်လှုပ်ရှားမိပါတယ်။ ကျွန်တော့်အတွေ့အကြုံကို ကောင်းကောင်းအသုံးချပြီး ကြက်တွေကို သေချာပြုစုစောင့်ရှောက်ချင်ပါတယ်” ဟုလည်း ၎င်းက ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်း မှ အသက် (၂၀) နှစ်အရွယ်ရှိသးဘူငယ်က “ဂျပန်မှာ အလုပ်လုပ်ခွင့်ရတဲ့ အခွင့်အရေးအတွက် ကျေးဇူးတင်ပါတယ်။ ဂျပန်ကိုသွားတဲ့အခါ ကျွန်တော် အရမ်းကြိုးစား အလုပ်လုပ်ချင်ပါတယ်” ဟု ပြောကြားခဲ့သည်။ နှင်းကို ထိတွေ့ကြည့်ရန်လည်း မျှော်လင့်နေကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
ဂျပန်အစိုးရ၏ အချက်အလက်များအရ နိုင်ငံအတွင်း နေထိုင်ခွင့်ကို ယေဘုယျအားဖြင့် ငါးနှစ်အထိ ကန့်သတ်ထားသော စိုက်ပျိုးရေးကဏ္ဍရှိ Type 1 သတ်မှတ်ကျွမ်းကျင် နိုင်ငံခြားလုပ်သားအရေအတွက်သည် ဇွန်လတွင် ယခင်နှစ်ထက် ၂၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ၄၄,၀၅၀ အထိ ရှိလာခဲ့ကြောင်းသိရသည်။
ဂျပန် လူဝင်မှုကြီးကြပ်ရေး ဝန်ဆောင်မှုအေဂျင်စီ၏ အဆိုအရ နိုင်ငံအလိုက် ကြည့်လျှင် အင်ဒိုနီးရှားသည် လုပ်သား ၁၈,၂၅၅ ဦး (၄၅ ရာခိုင်နှုန်း တိုးတက်) ဖြင့် အများဆုံး ထောက်ပံ့ပေးသည့် နိုင်ငံဖြစ်ပြီး နီပေါသည် ၃၀ ရာခိုင်နှုန်း တိုးကာ ၉၁၆ ဦး၊ သီရိလင်္ကာသည် ၆၀ ရာခိုင်နှုန်း တက်လာကာ ၆၃၈ ဦးနှင့် ဘင်္ဂလားဒေ့ရှ်သည် ၁၂၇ ရာခိုင်နှုန်းအထိ ခုန်တက်လာကာ ၃၃၄ ဦး ရှိခဲ့ကြောင်းသိရသည်။

မူရင်းသတင်း — NP News