Myanmar Digital News

ရခိုင်ပြည်နယ်အတွင်း မွေးမြူရေးဇုန်များ အကောင်အထည်ဖော်လျက်ရှိပြီး၂၀၂၇ ခုနှစ် ဇန်နဝါရီတွင် မွေးမြူရေးလုပ်ငန်းများ စတင်အကောင်အထည်ပေါ်လာမည်

စစ်တွေ နိုဝင်ဘာ ၂၂

 

ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူများ ကြက်ဥ၊ ကြက်သားနှင့် ဝက်သားများ ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် မွေးမြူရေးဇုန်များကို အကောင်အထည်ဖော်လျက်ရှိပြီး ၂၀၂၇ ခုနှစ် ဇန်နဝါရီတွင် မွေးမြူရေးလုပ်ငန်းများ စတင်အကောင်အထည်ပေါ်လာမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးက ယမန်နေ့တွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ရခိုင်ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံမှုရှိစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားသည်။

 

အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဝက်မွေးမြူရေးဇုန်၊ ကြက်မွေးမြူရေးဇုန် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ဒေသအတွင်း စားရေရိက္ခာ ဖူလုံမှုရှိစေရေး ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။

 

မွန်းလွဲပိုင်းတွင် မောင်နီပြင်ကျေးရွာရှိ ဝက်မွေးမြူရေးဇုန်ကိုလည်းကောင်း၊ ဘုမေကျေးရွာရှိ ကြက်မွေးမြူရေးဇုန်ကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က အဆောက်အအုံများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေး၊ လာမည့်ဇန်နဝါရီလတွင် မွေးမြူထုတ်လုပ်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ မှာကြားသည်။

 

စစ်တွေမြို့ မောင်နီပြင်ကျေးရွာ ဝက်မွေးမြူရေးဇုန်တွင် ဝက်ခြံ ၁၂ ခြံ၊ ဘုမေကျေးရွာ ကြက်မွေးမြူရေးဇုန်တွင် ကြက်ခြံ ၁၂ ခြံကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကုမ္ပဏီလေးခုနှင့် လုပ်ငန်းရှင်တစ်ဦးတို့က အကောင်အထည်ဖော်လျက်ရှိပြီး ၂၀၂၇ ခုနှစ် ဇန်နဝါရီမှ စတင်ကာ သားဖောက်မျိုးဝက်မကောင်ရေ ၄၀၊ အသား တိုးဝက်ကောင်ရေ ၁၀၀၀ ကျော်နှင့် ဥစားကြက်ကောင်ရေ ၄၀၀၀၀ ကျော် မွေးမြူနိုင်ရေး ‌စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

တင်ထွန်း(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News