Kanbawza Tai News

ဘယ်လ်ဂျီယံမှာ ဆန္ဒပြသပိတ်ကြောင့် လေဆိပ်တွေ ပိတ်ထားရ

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်

ဘယ်လ်ဂျီယံနိုင်ငံမှာ အစိုးရရဲ့ အသုံးစရိတ်လျှော့ချရေးအစီအစဉ်တွေကို ဆန့်ကျင်တဲ့ အမျိုးသား အဆင့် သပိတ်မှာ လေကြောင်းထိန်းချုပ်ရေးဝန်ထမ်းတွေ ပါဝင်မယ့်အတွက် တနင်္လာနေ့မှာ လေယာဉ်ခရီးစဉ် အများစု ဖျက်သိမ်း ရမယ်လို့ သိရပါတယ်။

ဘယ်လ်ဂျီယံနိုင်ငံရဲ့ လေကြောင်းထိန်းချုပ်ရေးကို တာဝန်ယူထားတဲ့ ကုမ္ပဏီ Skeyes က တနင်္လာနေ့ မနက် ၇ နာရီကနေ ည ၉ နာရီအထိ နိုင်ငံတစ်ဝန်း လေဆိပ်တွေနဲ့ လေပိုင်နက်အတွင်း ပုံမှန် လေကြောင်း ထိန်းချုပ်ရေး ဝန်ဆောင်မှုတွေ ပေးနိုင်မှာမဟုတ်ဘူးလို့ ပြောပါတယ်။

အဲဒီအချိန်အတွင်း ဝန်ထမ်းအင်အား မလုံလောက်တာကြောင့် ပုံမှန်လေကြောင်းခရီးစဉ်တွေကို ဘေးကင်းစွာ ထိန်းချုပ်ပေးနိုင်မှာ မဟုတ်တဲ့အတွက် ဝန်ဆောင်မှုတွေကို ယာယီရပ်နားရတာလို့ Skeyes က ထုတ်ပြန်ထားပါတယ်။

အရေးပေါ်အခြေအနေတွေနဲ့ လေကြောင်းဘေးကင်းရေးအတွက် မဖြစ်မနေလိုအပ်တဲ့ ခရီးစဉ်တွေ ကိုတော့ ဆက်လက်လုပ်ဆောင်ခွင့်ပြုမယ်လို့ သိရပါတယ်။

ဥရောပရဲ့ အဓိက စရိတ်သက်သာလေကြောင်းလိုင်း Ryanair ရဲ့ အဓိကအချက်အချာတစ်ခုဖြစ်တဲ့ Brussels-Charleroi လေဆိပ်ကတော့ သပိတ်ကြောင့် နိုင်ငံတစ်ဝန်းက လေဆိပ်အားလုံး တစ်ရက်လုံး ပိတ်သွားမယ့် အခြေအနေဖြစ်ပြီး ခရီးသည်ထောင်ပေါင်းများစွာ ထိခိုက်မယ်လို့ ပြောပါတယ်။ လေကြောင်းထိန်းချုပ်မှုမရှိရင် လေယာဉ်တွေ ဆင်းသက်တာ၊ ပျံတက်တာ လုပ်လို့မရဘူးလို့လည်း လေဆိပ်ဘက်က ပြောပါတယ်။

Brussels လေဆိပ်ကလည်း ထွက်ခွာမယ့်နဲ့ ဆိုက်ရောက်မယ့် လေယာဉ်ခရီးစဉ် အများစုကို ဖျက်သိမ်းရမယ်လို့ ပြောပါတယ်။

ဘယ်လ်ဂျီယံ အလုပ်သမားသမဂ္ဂတွေက အစိုးရရဲ့ အသုံးစရိတ်လျှော့ချရေးနဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေကို ဆန့်ကျင်တဲ့အနေနဲ့ တနင်္လာနေ့မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆန္ဒပြသပိတ် ပြုလုပ်ဖို့ တောင်းဆိုထားပါတယ်။

ဘယ်လ်ဂျီယံနိုင်ငံမှာ လေကြောင်းလိုင်း ၂၅ ခုခန့်ကို ကိုယ်စားပြုတဲ့ Board of Airline Representatives က ဒီသပိတ်ဟာ ၁၁ လအတွင်း ဘယ်လ်ဂျီယံလေပိုင်နက်ကို ထိခိုက်စေတဲ့ ၁၁ ကြိမ်မြောက် သပိတ်ဖြစ်လာမယ်လို့ ပြောပါတယ်။

အလုပ်သမားသမဂ္ဂတွေဟာ တနင်္လာနေ့မှာ ဘရပ်ဆဲလ်မြို့မှာ လူအများအပြားပါဝင်တဲ့ ဆန္ဒပြပွဲကြီး လည်း ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးလုပ်ငန်း တွေမှာလည်း အကြီးအကျယ် အနှောင့်အယှက်ဖြစ်နိုင်ပြီး ကျောင်းတွေ၊ အစိုးရရုံးတွေနဲ့ အမှိုက်သိမ်းဝန်ဆောင်မှု တွေပါ ထိခိုက်နိုင်တယ်လို့ သိရပါတယ်။

ဘယ်လ်ဂျီယံဝန်ကြီးချုပ် Bart De Wever က နိုင်ငံရဲ့ ဘတ်ဂျက်လိုငွေ မြင့်မားနေတာကို လျှော့ချဖို့ လာမယ့်နှစ် အနည်းငယ်အတွင်း ယူရို ၁၀ ဘီလီယံ (ဒေါ်လာ ၁၁ ဘီလီယံ) ချွေတာနိုင်မယ့် ဘတ်ဂျက်အစီအစဉ်ကို အစိုးရ မဟာမိတ်ပါတီတွေနဲ့ အချိန်ကြာမြင့်စွာ ဆွေးနွေးနေပါတယ်။

နိုဝင်ဘာလအစောပိုင်းမှာလည်း မဟာမိတ်ပါတီတွေကြား သဘောတူညီမှု မရတာကြောင့် De Wever က ဝန်ကြီးချုပ် ရာထူးကနေ နုတ်ထွက်မယ်လို့ ကမ်းလှမ်းခဲ့ပေမယ့် ဘယ်လ်ဂျီယံဘုရင် Philippe က နုတ်ထွက်ခွင့်ကို ပယ်ချပြီး အဖြေရှာဖို့ ဝန်ကြီးချုပ်ကို အချိန်ထပ်ပေးခဲ့ပါတယ်။

Ref – Aljazeera

မူရင်းသတင်း — Kanbawza Tai News